စစ်ကောင်စီကင်းစင်သွားသည့် မြို့သံတွဲ
လွတ်လပ်သူ
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲဒေသကို ထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော် (အေအေ)သည် မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး၊ မြေပြင်တွင် စစ်ကောင်စီ အုပ်ချုပ်မှုယန္တယား လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း ဒွါရာဝတီ၏ သတင်းရင်းမြစ်များက တညီတညွတ်တည်းပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီ ၁၃ ရက်မှ ရေတွက်လျှင် ၃လ စွန်းစွန်းကြာမြင့်သည့်အချိန်တွင် သံတွဲမြို့ကို အေအေ က ထိန်းချုပ်နိုင်လိုက်ခြင်းဖြစ်သည်။
“မြို့ထဲမှာ စစ်ကောင်စီဘက်က လုံးဝ မရှိတော့ဘူး၊ အေအေ စစ်သားတွေ ရောက်နေကြပြီ၊ ရပ်ကွက်တခုမှာ လေယာဉ်ဗုံးထိလို့ ဆုံးသွားတဲ့ အဒေါ်ကြီးတယောက်အလောင်းကို သူတို့ သင်္ဂြိုလ်ပေးမယ်လို့ ပြောပြီး သယ်သွားပေးတယ်” ဟု အမည်မဖော်လိုသည့် သံတွဲ ဒေသခံစစ်ရှောင် တဦးက ပြောသည်။
စစ်ကောင်စီ၏ စစ်စခန်းများကို တခုပြီးတခု ထိန်းချုပ်လာနိုင်သည့် အေအေ၏ ထိုးစစ်ကို ခုခံကာကွယ်ရန် စစ်ကောင်စီက နောက်ဆုံးခံတပ်တခုအဖြစ် သံတွဲအကျဉ်းထောင်ကို ဇူလိုင်လဆန်းကစတင်ကာ အသုံးချခဲ့သည်။
ယခုလက်ရှိအချိန်တွင် အေအေထိန်းချုပ်ထားသည့် သံတွဲမြို့တွင်းသို့ ပြန်လည် ဝင်ရောက်ခြင်းကို ခွင့်မပြုသေးဘဲ၊ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြားတွင် ပိတ်မိနေသည့် ဒေသခံများကို ဘေးလွတ်ရာသို့ ကူညီပို့ဆောင်နေကြောင်း စစ်ရှောင်ပြည်သူတဦးက ပြောသည်။
“မြို့ထဲကိုဝင်လို့ မရဘူး၊ မြို့ဝင်ဂိတ်လှည့်ပြန်ရတယ်” ဟု မြို့ထဲတွင် ပိတ်မိနေသည့် မိသားစုဝင်အတွက် စိတ်ပူကာ မနေ့ကမနက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက်ခဲ့သူ တဦးက ပြောသည်။
အေအေ ဝင်ရောက်လာနိုင်သည့် ဇူလိုင် ဒုတိယပတ်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို နေ့ရောညပါ အဆက်မပြတ်ပြုလုပ်ခဲ့ပြီးနောက် သံတွဲမြို့နှင့် ၁၀ မိုင် အကွာ၊ ဇလွန်ကျေးရွာသို့ ဆုတ်ခွာတပ်စွဲခဲ့ကြရာမှ ယခုလက်ရှိအချိန်တွင် အဆိုပါနေရာမှ ထပ်မံဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
“တပ်မ ၁၁ က အင်အား ၁၀၀ လောက်နဲ့ ဇလွန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ၊ မနေ့ညနေက ဖြတ်သွားတာကို မြင်လိုက်တယ်၊ အခု တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြပြင်ဘက်ကို သွားတာဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံ တဦးက ဒွါရာဝတီသို့ ပြောသည်။
ဇလွန်ကျေးရွာသည် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ရေတပ်စစ်စခန်းဖြစ်သည့် ကွမ်းဝိုင်းရေတပ်စခန်းသို့ ကုန်းကြောင်းမှ ဝင်ရောက်နိုင်သည့် အချက်အခြာ ကျသော လမ်းဆုံကျေးရွာဖြစ်သည်။
သံတွဲမြို့ကို အေအေ ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ကောင်စီသည် လက်ကျန် တိုက်ပွဲဖြစ်နေသည့် ငပလီကမ်းခြေမြို့ ရပ်ကွက်များသို့ ကုန်းလမ်းမှ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဇလွန်လမ်းခွဲမှ ကွမ်းဝိုင်းရေတပ်စခန်းသို့ သွားရောက်ကာ ရေလမ်းမှတဆင့် ဝင်ရောက်နိုင်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(အေအေ)တို့သည် ငပလီ ကမ်းခြေမြို့ ၊ မြပြင်ရပ်ကွက်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက အင်အား ဖြည့်တင်းနေကြောင်း ဂျိတ္တောဒေသခံများထံမှ သိရသည်။
“ဒီမနက် ဂျိတ္တောကနေ တစ်ပါကားတွေနဲ့ စကစ ကား၃စီးအပြည့်တင်ပြီး မြပြင်ဖက်ကို မောင်းသွားတယ်၊ ခဏပဲကြာတယ်၊ အခွံပြန်လာတယ်၊ မြပြင်တံတားနားက မင်းလမ်းမုန့်တီဆိုင်တိုက်မှာ ဟိုနေ့က စစ်သားတွေ အများကြီးမြင်တယ်၊ အခု တယောက်မှ မရှိတော့ဘူး” ဟု ဂျိတ္တောရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
မနေ့ညကအထိ မြပြင်၊ လင်းသာရပ်ကွက်များရှိ တိုက်ပွဲလက်ကျန်များတွင် ပါဝင်နေသော စစ်ကောင်စီ တပ်သားများသည် အုပ်စုလိုက်ဖြစ်စေ၊ အနည်း အကျဉ်းဖြစ်စေ ကစဉ့်ကလျားထွက်ပြေးနေပြီး စစ်ကောင်စီ အင်အားနည်းပါး လာနေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အထက်ပါဒေသခံတဦးက ပြောသည်။
သူက “ပုလဲကျောင်းမှာ တပ်စွဲထားတဲ့ စကစတွေကတော့ ဒဏ်ရာရတဲ့ သူကို ဆေးကုပေးနေတဲ့ပုံစံလောက်ပဲ မြင်ရတော့တယ်၊ ပြီးတော့ ဟိုရက်က အရပ်ဝတ်နဲ့ စစ်သား ၄၀ လောက်က တောလမ်းမှာတွေ့တဲ့ လူတယောက်ကို သူတို့ထွက်ပြေးလာတာ၊ လွတ်နိုင်တဲ့လမ်းကို ပြခိုင်းလို့ ပြပေးလိုက်တယ်၊ အဲ့ကောင်တွေ ပြေးသွားပြီ၊ မြပြင်တိုက်ပွဲက ပြေးလာတာလို့ ယူဆရမယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
ယနေ့မွန်လွဲပိုင်းတွင် စစ်ကောင်စီ၏ Y12 အမျိုးအစားလေယာဉ်က ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်ဝန်းကျင် တွင် ဝဲနေကြောင်း သိရသည်။
ငပလီကမ်းခြေမြို့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်နိုင်ပါက အေအေ သည် ငပလီကမ်းခြေကိုလည်း မြေပြင်အနေအထားအရ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ သံတွဲဧရိယာအတွင်း နောက်ဆုံး လက်ကျန် ကွမ်းဝိုင်းရေတပ် စခန်းတခုသာ ကျန်တော့မည် ဖြစ်သည်။