ဒွါရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၄။
စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း စုဆောင်းထားသမျှ ရောင်းချလိုက်ရတာ၊ ရှိစု မဲ့စု၊ အကုန် ကုန်၊ အခုလည်း လက်ရှိနေတဲ့အိမ်နဲ့ ခြံကိုထားပြီး ထွက်ပြေးနေရတယ်။ အသက် မသေ သေးတာကိုပဲ ကြံဖန် ကျေးဇူးတင်နေ ရမယ့်သဘော။ ကိုယ့်ထက်ဆိုးတဲ့ စီးပွားပျက်၊ အသက်သေသူတွေမှ မြန်မာပြည်မှာ ဒူးနဲ့ဒေး။
မင်းအောင်လှိုင် အာဏာရူးလိုက်တာ တနေ့၊ တရက်လေးမှ ကောင်းသတင်း မရှိ။ ပျက်လိုက်ကြတဲ့ဘဝတွေ။ တနေ့ လူဘယ်လောက် သေလဲ၊ ဘယ်နှယောက် ဒုက္ခိတဖြစ်လဲ၊ ဘယ်နှယောက် မိဘမဲ့ဖြစ်လဲ၊ အိမ်ဘယ်လောက် ပျက်စီးသလဲ ဒါတွေပဲ နိစ္စဒူဝကြားနေရတယ်။
အခုဆိုရင် ဘယ်အချိန် လက်နက်ကြီးကျည်ခေါင်းပေါ်ကျလာမလဲလို့ တွေးပူနေရတယ်။ ကြောက်လန့်နေရ တယ်။ မင်းအောင်လှိုင်လုပ်မှ နေ့မြင်ညပျောက် တရားသဘောသာ ခေါင်းထဲရောက်ရောက်လာတယ်။
ဒီလို တရက်၊ တကွက်လေးမှ ကောင်းကွက်မရှိတဲ့ အာဏာရူးမင်းအောင်လှိုင်နဲ့ နောက်လိုက်တသိုက်ကိုမှ ကြိုက်လှပါရဲ့ဆိုတဲ့ သံတွဲက လူတသိုက်ကိုလည်း ဩချရတယ်။ စစ်တပ်မှ ကြိုက်၊ အစိုးရတသိုက်ဆိုရင် ဘုရားတဆူ၊ ဂူတလုံးလို ကိုးကွယ်ချင်တဲ့လူတွေ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြို့ခံဆိုရင် လူလို့ မထင်တဲ့သူတွေ။ ပြောရရင် သံတွဲမြို့ရဲ့ ရွံစရာအကောင်းဆုံး လူတွေပဲ။
တကယ်တော့ သူတို့ကိုယ်တိုင်လည်း အာဏာရူးကြတာကိုး။ အုပ်ချုပ်ရေးရုံးက ထိုင်ခုံမှာ ထိုင်ထိုင်ပြီးနေရရင် အာဏာက ဟိုကဝင်ပြီး ခေါင်းထဲ ရောက်သွားတာနေမယ်။ မင်းအောင်လှိုင်နောက်လိုက်၊ မင်းအောင်လှိုင် အကြိုက်ဆောင်ချင်တဲ့သူတွေ၊ ကိုယ့်လူမျိုးအပေါ်ကိုမှ လူပေါ်လူဇော်လုပ်ချင်တဲ့သူတွေ။
စစ်တပ်နဲ့ စစ်တပ်အုပ်စုကို ကိုးကွယ်ပြီး ဘာသာရေးလိုလို၊ အမျိုးသားရေးလိုလိုအရေခြုံ ပြီးရင် ကိုယ်ကျိုးရှာ၊ ကိုယ့်အိတ်ထဲထည့် လူတွေ။ ဘုန်းကြီးဆိုလည်း ဘုန်းကြီးမို့လို့ ဘုန်းကြီးကသာ တစ်ပါးတည်း ဟိုကျောင်းလည်း သူပိုင်၊ ဒီကျောင်းလည်း သူထိုင်။
ဘုန်းကြီးကျောင်းဟာ ဘုန်းကြီးကျောင်းလား၊ ဟိုတယ်လား၊ နန်းတော်ကြီးလား၊ ကေတီဗီလား မခွဲခြားနိုင် လောက်အောင် ခမ်းနားလိုက်တဲ့ ဘုရားစူး ဘုန်းကြီးကျောင်းတွေ။ ဒါပေမဲ့ လူတွေကတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ပေါ့။ ယိုသူ မရှက်၊ မြင်သူ ရှက်ဆိုတာ ဒါမျိုး။ မနာလိုလို့ ပြောတာဆိုပြီး အကုသိုလ် အမှောင် ဖုံးမနေနဲ့ဦး ကိုယ့်အမှားကိုယ်မြင်။
ပြောရင် ပြောစရာက မကုန်ဘူး၊ ပိုင်ထားတဲ့ခြံကွက်ဆိုတာ မြို့တဝက် လောက်ရှိတယ်။ ဟိုလုပ်ငန်းမှာ ရှယ်ယာ ထည့်၊ ဒီယာဉ်လိုင်းမှာ ရှယ်ယာ ထည့်၊ ဒီကြားထဲ ခေတ်ပျက်မှာ မှောင်ခိုကုန်က ကူးလိုက်သေးတယ်။ တော်သေးတယ် ဘုရားက လောဘကို ဖြတ်ဖို့ ဟောခဲ့လို့သာ။ ဘုရားသားတော်လို့သာ ပြောတာပါ အခုက “ဘုရားသားလား၊ မင်းသားလား ခွဲမရတော့ပါ” မြတ်စွာဘုရားလို့ ငြီးထွားရမယ့်အဖြစ်။
“အေး ပြေးကြ ပြေးကြ၊ ငါကတော့ မြို့ကြီးနဲ့ ၂ ပါးသွားဦးမယ်ဆို” တဲ့ သူ၊ အခုတော့ အမြီးတောင် မမြင်လိုက် ဘူး။ မပြေးရင်လည်း မဖြစ်လေ၊ နို့မို့ဆို သံတွဲ ငဇင်ကာဖြစ်မှာ။ ကိုယ့်အကြောင်းကိုယ်သိတယ်။
အဝေးကနေပြီး မြို့ကြီးအတွက် သိပ်ပြီး စိတ်ပူမနေကြနဲ့ သံတွဲမြို့ကြီးက မင်းတို့တသိုက်မရှိလေ ကောင်း လေပဲ။ မြို့သန့်တယ်။ စည်ပင်လိမ့်မယ်။ သာသနာရောင် ထွန်းပြောင်လိမ့်မယ်။ မင်းတို့တသိုက် အလွဲသုံး စားလုပ်နေတဲ့ ပစ္စည်းလေးပါးနဲ့ ကူးတို့ခဖိုး မပေးရလို့ မြို့ခံတွေ ဝမ်းသာလိမ့်မယ်။
မင်းတို့ဆရာတပည့်တသိုက်ဟာ ပုလင်းတူဗူးစို့တွေပဲ၊ စစ်တပ်အာဏာသိမ်းတာကို ပျော်ကြတယ်။ စစ်တပ်ကို မြို့ပေါ် အတော်ခေါ်ချင်ကြတယ်။ သံတွဲမြို့မှာ ကလေးတွေဆန္ဒပြတော့ ဓားတဝင့်ဝင့်နဲ့ ခြိမ်းခြောက်တဲ့ကောင်လည်း အခုတော့ ဘယ်ချောင်ရောက်နေလဲ။ အခု မြို့ထဲလမ်းပေါ်က မင်းအကောင်တွေကို လာရှင်းလှည့်ဦး။ အခုမှ ငြိမ်းချမ်းရေးကို ပြောမနေနဲ့ မင်းကိုယ်တိုင်တင်ထားတဲ့ ပုံထဲက ဟိုဟာကို မင်းကိုယ်တိုင် မျှော်နေသလိုပဲ။
စစ်ကောင်စီကင်းစင်သွားမယ့် ငါတို့ ရခိုင်ပြည်မှာ မင်းတို့လို စစ်တပ်အားပေး၊ ကိုယ်ကျိုးသမားတသိုက်ကို အလိုမရှိဘူး။ ကိုယ့်အမျိုး ကိုယ်ချစ်၊ ကိုယ့်မြို့ကိုယ် တကယ်ချစ်တဲ့သူတွေကိုပဲ လိုအပ်တယ်။ ထပ်ပြောလိုက်မယ် မင်းတို့တသိုက် မရှိလေ မြို့သန့်လေပဲ။ ။