ArticleNews Feature

နေ့ရောညပါ ဗုံးကြဲခံရပြီး အဆက်အသွယ်ပြတ်တောက်နေသည့် ဆင်ခေါင်းရွာ

သံတွဲ၊ ၅၊ ဇွန်၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းငါးဖမ်းဇုန်ကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက ၂ ရက်ဆက်တိုက် နေ့ရောညပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသော်လည်း အတိအကျ အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ယမန်နေ့မနက်ကတည်းက ယနေ့ညနေပိုင်းအထိ တိုက်ပွဲနယ်မြေမဟုတ်သည့် ဆင်ခေါင်း ကျေးရွာကို တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဆင်ခေါင်းကျေးရွာတွင် သေဆုံးပြီး၊ ထိခိုက်ဒါဏ်ရာရသူ များပြားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရ သည်။

မိတ်ဆွေတယောက်မှာ သား ၂ယောက်မှာ တယောက်က သေတယ်၊ တယောက်က ပျောက်နေတယ်လို့ ဖုန်းရပြီး၊ အသေအပျောက်အခြေအနေတွေကို သေချာမမေးလိုက်ရခင် ဖုန်းလိုင်းပြတ် သွားတယ်” ဟု ယနေ့ နံနက်က ဆင်ခေါင်းနှင့် အဆက်အသွယ်ရခဲ့သည့် သံတွဲ ဒေသခံတဦးက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ သေဆုံးသူမှာ ၄၀ ဦးထက်မနည်း ရှိနေပြီး၊ ရွာလုံးကျွတ် နီးပါး နေရာအနှံ့ပျံ့ကြဲတိမ်းရှောင်ထွက်ပြေးနေရသလို မိသားစုနှင့် အဆက်အသွယ် ပြတ်တောက် နေကြဆဲ ဖြစ်ကြောင်းသိရသည်။

သို့သော် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်အတိအကျကို အတည်ပြုနိုင်ရန် ဒွါရာဝတီက ကြိုးစားနေဆဲဖြစ်သည်။

“သူတို့အိမ်တွေကုန်နေပြီ၊ ဘေးလွတ်ရာကို ပြေးပေတော့လို့ ဟိုဘက်အပိုင်းကနေ လှမ်းဖုန်းဆက်တာနဲ့ ရွာကလူတွေနဲ့အတူ ပြေးလာတာ၊ ကျောင်းနားပိုင်း၊ ကန်ကုန်းပိုင်းနဲ့ မော်ဖျား အများကြီး ပျက်စီးတယ်၊ ကျမတို့အပိုင်းကို ပိုချတယ်၊ အခုလောက်ဆို အကုန်ကုန်နေရောမယ်” ဟု ဆင်ခေါင်းဗုံးကြဲခံရသည့် ဘေးမှ ထွက်ပြေး လွတ်မြောက်လာသူ အမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီသည် စစ်လေယာဉ်ဖြင့် ပစ်ခတ်သလို၊ စစ်သင်္ဘောမှလည်းကောင်း၊ ကုန်းပေါ်တွင် အထိုင်ချထားသည့် ဟောင်ဝှစ်ဇာများဖြင့် လည်းကောင်း နေ့ရောညပါ တောက်လျှောက် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့က သံတွဲတိုက်ပွဲတွေစဖြစ်ကတည်းက အခုချိန်ထိမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံး နေ့လို့ ပြောလို့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။

ဆင်ခေါင်းကျေးရွာသည့် သံတွဲချောင်းနှင့် ဘင်္ဂလားပင်လယ်ဆုံချက်တွင် တည်ရှိပြီး ရေလုပ်ငန်းဖွံ့ ဖြိုးသည့် ရွာကြီးတရွာဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသည့် ဂေါ့တောင်နှင့် ချောင်းတဖက်ကမ်း ၂မိုင် ဝန်းကျင်ခန့်အကွာတွင် တည်ရှိသည်။

“ရွာမှာလူမရှိတော့ သတင်းမေးရတာအဆင်မပြေတော့ဘူး၊ ဖုန်းဆက်လို့လည်းမကိုင်ဖြစ်နေတယ်၊ နေ့လည် ၁၂နာရီ လောက်ကတော့ ဒရုန်းနဲ့ကြဲနေတယ်လို့ကြားတယ်၊ လူသေဆုံးမှုများတယ်လို့လည်း ကြားတယ်” ဟု သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားနေရာအနီးဝန်းကျင်ကျေးရွာမှာ ဒေသခံတဦး၏ အဆိုအရ စစ်ကောင်စီသည် Y12 လေယာဉ်နှင့် ဂျက်ဖိုက်တာ ၂စီးကို တပြိုင်တည်အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာ ဂေါ့နှင့် စပါးကြီးရပ်ကွက်များပေါ်မှ နာရီနှင့်ချီပျံသန်းကာ ဗုံးကြဲခဲ့ကြောင်း သိရသည်။

ဇွန် ၄ရက်နှင့် ၅ရက်နေ့များတွင် စစ်ကောင်စီသည် ဂေါ့နှင့် ဆင်ခေါင်းတဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဗုံးအသုံးပြုမှုမှာ အကြိမ်ပေါင်း ၁၀၀ ထက်မနည်း ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်၏ လေကြောင့် ဗုံးကြဲမှုကြောင့် ယမန်နေ့က အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မဟေမာန်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဆင်ခေါင်းတဖက်ကမ်းရှိ ဆင်ကြပ်ကျေးရွာတွင်လည်း ကလေးငယ်တဦးနှင့် အမျိုးသမီး ၂ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

အလားတူ ယင်းသို့ ပစ်ခတ်မှုများကြောင့် သံတွဲမြို့နယ်၊ မြို့တောင်ကျေးရွာသို့ ယနေ့ နံနက် ၈နာရီဝန်း ကျင်က ဟောင်ဝှစ်ဇာ လက်နက်ကြီးကျည် ၅လုံးကျရောက်ခဲ့ပြီး၊ ကျည်စထိမှန်သဖြင့် အသက် ၁၂နှစ်ဝန်းကျင်ကလေးငယ်တဦးနှင့် အသက် ၄၀ ဝန်းကျင်အမျိုးသမီးတဦး ထိခိုက်ဒါဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ဟောင်ဝှစ်ဇာ ၂ ဆင့်ပေါက်တဲ့ အပိုင်းအစတွေ ရွာက အိမ်တွေကို စင်လို့(ထိမှန်လို့) ဒါဏ်ရာရတာ၊ ပြတ်ရှဒါဏ်ရာလောက်ပဲ၊ မပြင်းထန်ဘူး” ဟု ဒေသခံပြည်သူတဦးက ပြောသည်။ မြို့တောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေသည့် ဂေါ့တောင်ဝန်းကျင်နှင့် အနီးဆုံး ရွာတခုဖြစ်သည်။

လက်ရှိ၌ ငပလီမြို့နှင့် သံတွဲမြို့နယ်အနီးတဝိုက်တွင် စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းလေယာဉ်များ မကြာခဏပျံသန်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button