ArticleNews Feature

သတင်းအမှောင်ကျနေသည့် ရခိုင်တောင်ပိုင်းမှာ ဘာတွေဖြစ်နေလဲ

//သတင်းဆောင်းပါး//

လွတ်လပ်သူ၊ ဘုန်းလူ ရေးသည်။

ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။

ရခိုင်တောင်ပိုင်းဒေသရှိ သံတွဲမြို့နယ်၊ ဂွမြို့နယ်များနှင့်ပတ်သက်သည့် သတင်းများကို လွတ်လပ်သောသတင်းမီဒီယာများတွင် ရေးသားတင်ပြနိုင်ခြင်း တဖြည်းဖြည်း အားနည်းလာခဲ့သည်မှာ ရက်ပေါင်း ၇၀ ခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ထို ၂ လခွဲတာ ကာလအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်ခဲ့၊ ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် လူထုထိခိုက်နစ်နာမှု အခြေအနေများကို မှတ်တမ်းတင်နိုင်စွမ်း ခက်ခဲသည်ထက် ခက်ခဲလာသည်။ 

စက်တင်ဘာလအတွင်း ဂွမြို့ဒေသတဝိုက်ရှိ ဒေသခံများနှင့် ဒွါရာဝတီက ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် သတင်းအချက်အလက်များအရ ဒေသခံလူထုနှင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်သည့် ဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။

ကျိန္တလီမြို့နယ်အတွင်း အေအေနှင့် စစ်တပ်ကြား ထိတွေ့တိုက်ပွဲ စတင်ခဲ့သည့် ဩဂုတ်လ ၁၀ ရက် နောက်ပိုင်းက စတင်ကာ အများပြည်သူ တပိုင်တနိုင် ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်လာခဲ့သည်။ 

ယင်းလုပ်ရပ်၏နောက်ဆက်တွဲအဖြစ် ဒေသခံများရင်ဆိုင်နေရသည့်အခြေအနေကို ကျိန္တလီမြို့နယ်အတွင်းရှိ ကျေးရွာမှ ဒေသခံတဦးက ဒွါရာဝတီသို့ ယခုကဲ့သို့ပြောသည်။

”ကျိန္တလီမှာ တိုက်ပွဲဖြစ်ပြီးမှ ပိုဆိုးလာတယ်၊ ဆန်ကွဲနဲ့ အုန်းသီးနဲ့ လူးပြီး(နယ်ပြီး) စားနေကြရတယ်၊ ကလေးတွေလည်း အဲ့တိုင်းစားရတာပဲ၊ အခုက ဆန်ကွဲတောင်ဝယ်မရဖြစ် နေပြီ”  

ဧရာဝတီတိုင်းနှင့် အနီးဆုံးမြို့ဖြစ်သည့် ဂွမြို့ပေါ်တွင် လက်ရှိ ဆန်တပြည်လျှင် ၈,၅၀၀ ကျပ် ပေးရကာ၊ မြို့နှင့် မိုင်ပေါင်း ၃၀ ဝန်းကျင်ခန့်သာကွာဝေးသည့် ဂွမြို့နယ်အပိုင် ကျိန္တလီမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာအချို့တွင်မူ ကောက်ငယ်ဆန်ကြမ်း ၁ ပြည်လျှင် ၁၈,၀၀၀ ကျပ် ဈေးပေါက်နေပြီး ပေါက်ဈေးပေးလျှင်ပင် ဝယ်ယူရရှိနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။ 

ဂွမြို့နယ်အတွင်းရှိ တိုက်ပွဲမဖြစ်သေးသည့် ကျေးရွာများတွင် ကောက်ငယ်ဆန်ဈေးနှုန်းသည် တအိတ်လျှင် ၁၇၀,၀၀၀ ကျပ်မှ ၂၆၀,၀၀၀ ကျပ်အထိလည်းကောင်း၊  ကျိန္တလီတိုက်ပွဲနယ်မြေနှင့် နီးစပ်သည့် ကျေးရွာများတွင် ၃ သိန်းကျပ်အထိလည်းကောင်း ဈေးပေါက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ပေါက်ဈေး ရှိသော်လည်း ဝယ်ယူရန် ပစ္စည်းမရှိခြင်း၊ ရှာကြံဝယ်ယူနိုင်ပါကလည်း တရွာနှင့်တရွာ သယ်ဆောင်ရန် ခက်ခဲခြင်းများ ကြုံတွေ့နေကြရကြောင်း အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေသည့် ဒေသခံများကို တပိုင်တနိုင် ဝိုင်းဝန်း ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းတဦးထံမှ သိရသည်။

“ကုလားပြင် အပေါ်အောက် ရွာတွေ၊ စစ်ဖြစ်ခဲ့တဲ့ နေရာပတ်ချာလည်က ရွာတွေမှာ စစ်မရှောင်နိုင်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေ၊ အဆင်မပြေတဲ့အိမ်တွေမှာ ဘယ်လိုမှ ဆန်ကဝယ်ရတာ အဆင်မပြေကြဘူး။ အဆိုးဆုံးက ရေကျော် တဝိုက်၊ ငွေရှိလို့လည်း ဆန်ကိုရှာမရ” ဟု အထက်ပါပုဂ္ဂိုလ်က ဒွါရာဝတီသို့ ပြောသည်။

အဆိုပါ ကျေးရွာများသည် စစ်ကောင်စီက ပိတ်ဆို့ထားခြင်းမရှိပါက ဧရာဝတီတိုင်း၊ ရေကြည်မြို့သို့ နေ့ချင်းပြန် ဆက်သွယ်သွားလာ၍ ရသည့် ခရီးအကွာအဝေးတွင် တည်ရှိသည်။ 

အလားတူ ဂွမြို့မှ ဒေသခံတဦးက  “မြို့ပေါ်မှာ ကျန်နေခဲ့တဲ့ ပြည်သူတွေမှာ ဆန်ဝယ်မရရင် ဆိုတဲ့အတွေး ရှိတယ်၊ အခု ဖြစ်လာပြီ၊ ဆန်ဝယ်မရလို့ ဆန်ကွဲဝယ်စားနေတဲ့သူတချို့လည်း ရှိနေတယ်၊ အဲ့ဒါတောင် လိုချင်သလို မရဘူး၊ ဆေးဝါးလည်း မစုံတော့ဘူး။” ဟု ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်ပြည်ကို ပြည်မနှင့် အဆက်အသွယ် ဖြတ်တောက် ခဲ့ပြီး၊ အများပြည်သူ ဆက်သွယ်သွားလာရေး လမ်းကြောင်းများကိုပိတ်ဆို့ခဲ့သည်။ ကုန်တင်ကားများကို အကန့်အသတ်ဖြင့် သွားလာကြရပြီး၊  လမ်းဖြတ်သန်းခ ဆက်ကြေးများ သိန်းဆယ်နှင့်ချီ ပေးကြရသဖြင့် ဒေသတွင်း ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။

သံတွဲဒေသတွင် တိုက်ပွဲမဖြစ်ပွားမီကပင် အခြေခံစားသောက်ကုန်များကို လွတ်လပ်စွာ သယ်ယူခွင့် မရသည့် နောက်ဆက်တွဲအဖြစ် အခြေခံလူတန်းစားအချို့ အငတ်ဘေးဆိုက်လာသည့်အဖြစ် စတင်ခဲ့သည်။ 

ဧပြီလလယ်တွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် အလုပ်အကိုင်နှင့် ဝင်ငွေ မရှိတော့သည့် သံတွဲဒေသတဝိုက် တွင် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုဒဏ်ကို ခံစားခဲ့ရသည်။

ယခု ဂွမြို့နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများသည် သံတွဲမြို့သိမ်းတိုက်ပွဲဖြစ်စ သံတွဲဒေသခံများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေနှင့် ဆင်တူနေသည်။ 

ဩဂုတ်လနှောင်းပိုင်းက စတင်ကာ ရခိုင်တောင်ပိုင်းဒေသသို့ ကုန်စည်ဝင်ထွက်ရာ တခုတည်းသောလမ်းကြောင်းဖြစ်သည့် ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို စစ်ကောင်စီက မကြာခဏ

 ပိတ်ဆို့ကာ လက်နက်ကြီးပစ်ခတ်ခြင်း၊ စက်သုံးဆီ၊ ဆန်နှင့် ဆေးဝါးသယ်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်းများ ပြုလုပ်လျှက်ရှိသည်။ 

“လက်နက်ကြီးဆင်ပြီးကတည်းက သူတို့လက်နက်ကြီးပစ်တဲ့အချိန်ပိုင်း ပိတ်တယ်၊ လမ်းကို လုံးဝပိတ်တာ တော့မဟုတ်၊ ယာယီပိတ်တာမျိုးလောက်ပဲ။ ဆန်တို့၊ ဆီတို့တော့ သယ်ခွင့်မရှိဘူး” ဟု အဆိုပါလမ်းကို အသုံးပြုနေသည့် ခရီးသွားတဦးက ပြောသည်။

အလားတူ နောက်ထပ် ဂွမြို့ဒေသခံတဦးကလည်း “လမ်းမှာ ဆိုင်ကယ် ဆီကုန်မှာစိုးလို့ ဆီကို ရေသန့်ဘူးနဲ့ ယူလာတာတောင် မရဘူး။ ဆိုင်ကယ်ထဲထည့်သွားခိုင်းပြီး၊ ပိုတဲ့ဆီကို အဲနားက တဲအိမ်တွေ၊ ဈေးဆိုင်တွေမှာ ထားခဲ့ခိုင်းတယ်၊ နောက်ပြန်လာရင် ယူထည့်လို့ ပြောတယ်” ဟု ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြောသည်။

ယင်းသို့ ဂွတောင်ကြားလမ်းမှဖြတ်ကျော်ကာ ဆန်သယ်ယူခွင့်မရသလို ဒေသတွင်းရှိ ကျေးရွာများ အချင်းချင်း ဆန်သယ်ယူခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ကျိန္တလီမြို့နယ်ခွဲအတွင်းနေထိုင်သူတဦးက ပြောသည်။

“အခုက ဆန်သယ်လို့ မရဘူး၊ ကုလားပြင်ဂိတ်မှာ ၅ ပြည်သယ်ခွင့်ပေးတယ်၊ ကြွေချိုင်ဂိတ်မှာဆို ၁ ပြည်ပဲ သယ်ရတယ်။ စပါးကြိတ်ပြီးရောင်းတဲ့သူတွေရှိတယ်၊ အပြင်ကို ထုတ်မရောင်းပေးကြဘူး၊ လက်တို့ပြီးရောင်း တာများတယ်၊ ဘူးနဲ့ဆိုရင် နည်းနည်းစီရောင်းပေးတယ် ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းကဲ့သို့ ကုန်ပစ္စည်းရှားပါး၊ ရိက္ခာရှားပါးနေသည့်အခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ဒေသခံရခိုင်ပြည်သူများကို စစ်ရေးတွင်အသုံးချနေသည့်အခြေအနေများလည်းရှိနေသည်။

စစ်ကောင်စီသည် ဂွမြို့နှင့် ကျိန္တလီမြို့နယ်ကြားရှိ ကျေးရွာသားများကို တရွာလျှင် ၁၀ ဦးစီ ၎င်းတို့နှင့်အတူ ကင်းစောင့်ရန်၊ ကင်းလှည့်ရန် စာဖြင့် ခေါ်ယူခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။

“ရွာလူကြီးတွေဆီကို စာပို့တယ်တဲ့၊ အတင်းမခေါ်၊ မလိုက်ချင်လည်းရတယ်တဲ့၊ ဒါပေမယ့် လိုက်တဲ့ရွာကို ကုန်သယ်ခွင့်ပေးဖို့၊ မလိုက်တဲ့ရွာတွေကို လော့ဒေါင်း(Lockdown)ချဖို့၊ ရွာကလူတွေဟာ မလိုက်လည်း စားနပ်ရိက္ခာပြတ်ဖို့၊ လိုက်ပြန်ရင်လည်း တမှု ဆိုတော့ ဝေခွဲမရဖြစ်နေတယ်” ဟု အဆိုပါ ဒေသခံများနှင့် နီးစပ်သူက ပြောသည်။

အထက်ပါအခြေအနေသည် ဂွမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် စစ်ကောင်စီ အုပ်ချုပ်နေဆဲ ကျေးရွာများတွင် ရင်ဆိုင်နေရသည့် စားနပ်ရိက္ခာပြတ်တောက်လာသည့် အခြေအနေများဖြစ်သည်။

ဂွမြို့နှင့် မိုင် ၈၀ ကျော်အကွာရှိ သံတွဲဒေသသည် စစ်ဇုန်အတွင်းကျရောက်နေပြီဖြစ်ရာ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အေအေက မေလနှောင်းပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့သည်။ 

ထို့နောက် ငွေကြေးရှိပြီး အလွယ်တကူရွှေ့ပြောင်းနိုင်သူအများစုက သံတွဲမြို့မှ ထွက်ခွာကာ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းများသို့ စစ်ဘေးရှောင်ကြသည်။

စစ်ရှောင်စရိတ်ကြီးမြင့်မှုများကို ကုန်ကျခံနိုင်စွမ်းမရှိသူများက သံတွဲနှင့် ဂွမြို့ကြားရှိ အဆိုပါ ကျေးရွာများတွင် စစ်ဘေးရှောင်ကာ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးသားချင်းတို့၏ နေအိမ်များ၊ ငှားရမ်းထားသောအိမ်များတွင် ခိုလှုံလျှက်ရှိကြသည်။

ယင်းသို့ ခိုလှုံနေစဉ် သံတွဲမြို့နှင့် ဂွမြို့နယ်နိမိတ်ရှိ ကျိန္တလီမြို့တဝိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ၊ သံတွဲမြို့ဘက်သို့ နေရပ်မပြန်နိုင်ဘဲ စစ်ကောင်စီရှိနေဆဲ ကျိန္တလီမြို့နယ်နှင့် ဂွမြို့ကြားရှိ ကျေးရွာများတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။

တိုက်ပွဲမဖြစ်သေးသော်လည်း ကျိန္တလီတိုက်ပွဲများနှင့် နီးစပ်သည့် ကုလားပြင်ကျေးရွာ အထက်ဘက်နှင့် အောက်ဘက်ကျေးရွာများတွင် အခြေခံစားနပ်ရိက္ခာပြတ်တောက်မှု၊ ဆေးဝါးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကာ အရေးပေါ်အကူအညီလိုအပ်နေသော်လည်း သွားလာကူညီနိုင်ရန် အခက်အခဲများရင်ဆိုင်နေရကြောင်း လူမှုကူညီရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

“ဆန်တအိတ်လှူနိုင်ဖို့တောင် အရမ်းခက်ခဲတယ်၊ အလှူရှင်တွေကလည်း မှတ်တမ်းဓာတ်ပုံရမှ ကူညီကြတယ်၊ ဒီဘက်မှာက မှတ်တမ်းပုံပေးဖို့ရယ်၊ နေရာပြောဖို့ရယ်က ခက်တယ်၊ ကူညီတဲ့ သူလည်း ကြောက်ရတဲ့နေရာ” ဟု ဒေသခံများကို တပိုင်တနိုင် ဝိုင်းဝန်းကူညီပေးနေသည့် စေတနာ့ဝန်ထမ်းတဦးက ဒွါရာဝတီသို့ ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းများအရ ကျိန္တလီမြို့နယ်ခွဲတွင် မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်း ၁၂ ခုရှိပြီး လူဦးရေး ၂၃,၀၀၀ ကျော်ရှိသည်။ ကုလားပြင်ကျေးရွာ(ရတနာမြိုင်)တွင် လူဦးရေ ၁၈၀၀ ကျော်ရှိပြီး ရေကျော်ကျေးရွာတွင် ၁၃၀၀ ကျော်ရှိသည်။

စစ်ကောင်စီကင်းစင်သွားပြီး အေအေက အလုံးစုံထိန်းချုပ်နိုင်ကြောင်း ထုတ်ပြန်ထားသည့် သံတွဲမြို့ပေါ်တွင် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကြက်သွန်ဖြူ တပိဿာလျှင် ၇ သောင်းကျပ်၊ ကြက်သွန်နီ တပိသာလျှင် ၃ သောင်းခွဲကျပ်၊ ဒေသထွက် မြေပဲဆီ တပိဿာလျှင် ကျပ် ၃သောင်းခွဲ၊ သွားတိုက်ဆေး (ဆစ်ဂနယ်ဘူးကြီး) တဘူးလျှင် ၁၆,၀၀၀ ကျပ်၊ သွားပွတ်တံ (ဘားမန်း) တချောင်း လျှင် ၆ ထောင်ကျပ်၊ ဓာတ်ဆီတလီတာလျှင် ကျပ် ၂ သောင်း၊ ဖယောင်းတိုင် ၁ ထုတ်လျှင် ကျပ် ၁ သောင်းခွဲ စသဖြင့် အသီးသီးဈေးပေါက်လျှက်ရှိသည်။

အဆိုပါဈေးနှုန်းများမှာ စက်တင်ဘာလအတွင်း သံတွဲမြို့ပေါ်တွင် ဖြစ်နေသည့် နှုန်းများဖြစ်ပြီး၊ ဆန်မှာ ဂွမြို့နယ်ထက် ဈေးနှုန်းသက်သာပြီး၊ တအိတ်လျှင် ၁၃၅,၀၀၀ ကျပ်ရှိကြောင်း စုံစမ်းသိရှိရသည်။

“သံတွဲမှာ ငတ်တဲ့လူတွေ ငတ်နေကြပြီ၊ တချို့ကလည်း မရှိ၊ ရှိတာရောင်းချစားသောက် နေကြတယ်တဲ့၊ ရောင်းစရာမရှိတဲ့လူတွေ ဘယ်လိုစားနေကြလဲတော့ မသိ” ဟု သံတွဲမြို့နှင့် ယခုလ တတိယပတ်အတွင်း အဆက်အသွယ်ရခဲ့သူတဦးက ဒွါရာဝတီသို့ ပြောသည်။ 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button