
ဒွါရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၅။
မြွေပူရာ ကင်းမှောက်ဆိုသလို သံတွဲမြို့အတွင်း တိုက်ခိုက်မှုတွေအပြီး ကိုယ့်အိုး၊ ကိုယ့်အိမ်တွေကို စွန့်ပြီး စစ်ရှောင်သွားကြရတဲ့ မြို့သူ၊ မြို့သားအားလုံးနီးပါး ထပ်တူကြုံတွေ့ရသည့် ပြဿနာမှာ သူခိုးဒုက္ခပင် ဖြစ်သည်။
ဟုတ်ပါသည်၊ တကယ့်သူခိုးစစ်စစ်များရော မစစ်၊ တစ်စစ်ကနေ ရှယ်ပလန်နဲ့ ဇွန်းတတ်ပြီး ရောကြိတ်သွား ကြသည့် စစ်ဘေးရှောင်ဒုက္ခသည် အချင်းချင်းပင် မရှောင်၊ တက်တက်ပြောင်အောင် သုံးဘီးတက္ကစီဖြင့်ပင် ခိုးထုတ်တတ်ကြသည့် သူခိုးများလည်း ကျန်းမာပါလေစွ။ နယ်ပယ်အသီးသီးမှ သူခိုးအမျိုးမျိုးတို့ အလွှာစုံကြ ပါသည်။
အချိုရှာ သကာတွေ့ဆိုသလို တအိမ်လုံးအနှံ့ ခိုးယူစရာရှာဖွေရင်း ဘိုထိုင်အိမ်သာတခုလုံး အပြည့် မစင်စွန့်ပစ်ခဲ့သည့် မစင်စွန့် သူခိုး။ အိမ်ပိုင်ရှင်တွေ တယောက်မှ မရှိသည့်အိမ်ကို ခပ်တည်တည်ဖြင့် သော့ရိုက်ဖျက်ပြီး အိမ်ရှင်နှင့်ပင် အမျိုးတော်သလို အကွက်ဖမ်းပြီး ကားစင်းလုံးငှားကာ တအိမ်လုံး အပြောင်ရှင်းတတ်ကြသည့် ဇွတ်အမျိုးတော်တတ်ကြသော ဆွေတော်မျိုးတော် ဇွတ်သူခိုးများလည်း ကျန်းမာပါလေစွ။
အရိပ်နေနေ အခက်ချိုးချိုးဆိုသည့် စကားပုံအတိုင်းဆိုသလိုပင်၊ စစ်ဘေးကာလအတွင်း အဝေးတနေရာမှ စစ်ရှောင်လာရသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား အိမ်အလွတ်များပေါ်သို့ တင်ပေးလိုက်မိသည့် နောက်ဆက်တွဲ ပြဿနာများမှာ အိမ်တွင်းပရိဘောဂ အချို့နှင့် အခြား ရောင်းစားလို့ရသည့် ပစ္စည်းမှန်သမျှကို ခိုးယူရောင်းစားပြီး သကာလ၊ နောက်တအိမ်သို့ ခပ်တည်တည်ဖြင့် ပြောင်းရွေ့ နေထိုင်ကြ ကုန်သော် သူတော်ကောင်းအပေါင်း သူခိုးများလည်း ကျန်းမာကြပါစေ။ (အားလုံးကို မဆိုလိုပါ၊ အကျင့်ပျက် စစ်ရှောင် အချို့အား ရည်ရွယ်ပါသည်။)
စိတ်သာဆပ်ပြီး အကြွေးတော့ မဆပ်ဆိုသည့်အတိုင်း တအိမ်လုံး မွှေနှောက်ရှာဖွေပြီးသည့်တိုင် လိုချင်သည့် အဖိုးတန်၊ တန်ဖိုးကြီး ပစ္စည်းများ မတွေ့ရှိသည့်အခါ အိမ်ရှင်များအပေါ် ရွှေစိတ်တော်ကောက်၍ မှန်ဘီဒိုများနဲ့ အိမ်တွင်းပရိဘောဂများအား တစစီ ဖျက်ဆီးပြီး ထားခဲ့ကြသည့် ကျပ်မပြည့်၊ မတ်မပြည့် တခန်းလွတ် သူခိုးများလည်း ကျန်းမာကြပါစေ။
မိမိမှာ သူခိုးပင်ဖြစ်နေသည့်တိုင်အောင် ငှက်ကြီးတောင် ဓားရှည်တချောင်းကို စလွယ်သိုင်း၍ အိမ်ရှင်တွေ့ အိမ်ရှင်သာမက လာရောက်ဟန့်တားသူ မည်သူမှ မကျန် အပိုင်းပိုင်းခုတ်ထစ်မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည့် လက်မရွံ့ သိုင်းလောကသား သူခိုးများလည်း ကျန်းမာကြပါစေ။
တရုတ်နိုင်ငံထုတ် ကျွန်ုပ်၏ ရေမြုပ်ထားသည့် ဆိုင်ကယ်အစုတ်လေးအား ရှေ့ဘီး၊ နောက်ဘီး တဘီးမှ မကျန်အောင် ဖြုတ်ခိုးသွားသည့် ခိုးဖြုတ်၊ ခိုးရောင်း သူခိုးအပေါင်းများ ကျန်းမာဝဖြိုး အလှတိုး၍ စဥ်ဆက်မပြတ် ဘဝအဆက်ဆက် ခြောက်ပေါက်တင်မက ဆယ့်နှစ်ပေါက်အထိ ဇောက်ထိုးကျရောက်နိုင်ကြပါစေကုန်။
သူခိုးအပေါင်း သူတော်ကောင်းတို့ ဝေ..လေ..လေ။




Sprunki Incredibox brings a fresh twist to the beloved music-mixing concept, adding new beats and visuals that elevate the creative experience. A must-try for fans! Sprunki Incredibox