
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြို့၊ ဘယ်ကိုကြည့်ကြည့် အထီးကျန်မှု အတိဖြစ်နေတဲ့ မြို့၊ ဘယ်လမ်းကို ကြည့်ကြည့် ခိုလှုံသူကင်းမဲ့နေတဲ့ နေအိမ်တွေပဲ ရှိနေတဲ့မြို့။ စစ်ဘေးသင့်ခံနေရတဲ့ ငါတို့သံတွဲမြို့။
ကိုယ့်တသက်တာ လုံခြုံမှု၊ နွေးထွေးမှု အကာအကွယ်တွေ ပေးခဲ့တဲ့အိမ်လေး၊ အခုတော့ သူ့အတွက် လုံခြုံအောင် မလုပ်ပေးရက်နိုင်လေခြင်းဆိုတဲ့အသိက ရင်ထဲ မချိအောင်ခံစားရတယ်။
ဒီအိမ်ကလေးကို လုံခြုံအောင်လုပ်၊ သော့တွေခတ်၊ အကြိမ်ကြိမ်လှည့်ကြည့်ရင်း ကျောခိုင်းခွဲခွာရတဲ့နေ့က ရင်ဘက်တခုလုံးကို “ဟာ” လို့။
ဆွမ်းကပ်မယ့်သူ မရှိဖြစ်နေတဲ့ ဘုရားစင်မှာ ဘုရားပန်းတွေ ခြောက်ကပ်နေရော့ပေါ့၊ တအိမ်လုံးလည်း ပင့်ကူ မျှင်တွေ တက်နေတော့မယ်။ အိမ်ရဲ့ထောင့်တနေရာမှာ ထောင်ထားတဲ့ တံမြတ်စည်းက ဖုံအလှိမ့်လှိမ့်တက်နေတဲ့ အိမ်ကြီးကို ငေးကြည့်ရင်း ငါ့လိုပဲ တာဝန်မကျေသလို ခံစားနေရော့သလား။
အိမ်လေးရေ ငါတို့ပြန်လာတဲ့အခါ ဘုရားစင်အနောက်ဘက်က ကွာကျနေတဲ့ ပျဉ်တချပ်ကို သံအသစ်နဲ့ ပြန်ရိုက် ပေးပါ့မယ်၊ အိမ်နောက်ဖေးမှာ ခွေးတိုးလို့ပေါက်နေတဲ့ ခြံစည်းရိုးကိုလည်း အသစ်ပြန်ဖာပေးပါ့မယ်။
ဘုရားသုံးဆူကနေ မနက်တိုင်း ကြားရတဲ့ တရားသံ၊ အိမ်နားက အန်တီကြီးရဲ့ ဘုရားရှိခိုးသံနဲ့ ကြေးစည်သံ၊ အိမ်ရှေ့ ကနေ ‘ကောက်ညှင်းပေါင်း’ လို့ အော်သွားတဲ့အသံ၊ ကုန်တွေတင်ပြီး အသံကုန်အော်ရင်း “ ရှူး” ကနဲ မောင်းသွားတဲ့ ကုန်တင်ကားသံတွေ အခုဆိုရင် အားလုံးတိတ်ဆိတ်နေတော့မှာပေါ့။ အော်… ငါတို့ဟာ ပတ်ဝန်းကျင်ကြီးတခုလုံးကို ဆုံးရှုံးလိုက်ရတာပါလား၊ ဇာတိတခုလုံး ဆုံးရှုံးလိုက်ရတာပါလား။
ပျက်စီးသွားတဲ့အရာတွေကို ပြန်ပြင်လို့ရပေမယ့် ပျောက်ဆုံးသွားမယ့်လူတွေကတော့ ပြန်မဆုံနိုင်တော့ဘူးဆိုတဲ့ အသိက သံဝေဂမရနိုင်ဘဲ နာကျည်းမှုတွေသာ တိုးလို့လာတယ်။
ကိုဝင်းရေ ခင်ဗျားတစ်ယောက်ကိုလည်း ကောင်းကောင်း သတိရတယ်။ အခုအချိန်ဆို ခင်ဗျားက မိုးဖွဲဖွဲမှာ ပုဆိုးခြုံပြီး လမ်းလျှောက်နေမှာ။ လမ်းလျှောက်နေရင်း သေနတ်ထုတ်ပစ်တတ်တဲ့ ခင်ဗျားကို မြို့ခံတွေက ပြုံးကြည့်ကြ ပေမယ့် သေနတ်အစစ်နဲ့ ထုတ်ပစ်မယ့်သူတွေကြောင့် ခင်ဗျားကို စိတ်ပူမိတယ်။ မသေအောင် နေပေးပါ၊ ခင်ဗျားရှိနေသေးတဲ့ သံတွဲမြို့ရောင်စုံပန်းချီကားတစ်ချပ်ကို ပြန်မြင်ချင်သေးတယ်။ မသေလို့ ပြန်ဆုံကြတဲ့အခါ ခင်ဗျားကို ရွှေဟင်္သာဆိုင်က လက်ဖက်ရည်တစ်ခွက်နဲ့ ဧည့်ခံပါ့တယ်။
ကိုယ့်ကိုယ့်ကို အရာအားလုံးဆုံးရှုံးလိုက်ရပြီလို့ ခံစားနေရရင်၊ စိတ်ဓာတ်တွေကျနေခဲ့ရင် ကိုယ်ဟာ သံတွဲမြို့ရဲ့ ရောင်စုံပန်းချီကားထဲက အစိတ်အပိုင်းတစ်ခုပဲဆိုတဲ့ စိတ်နဲ့ အသက်ရှင်ပေးကြပါ၊ ဘေးကင်းအောင်နေပေးကြပါ။ တကွဲ အပြားစီ ဖြစ်သွားကြတဲ့ သံတွဲရဲ့ နုလုံးသားတွေ အမှောင်တွေကင်းသွားတဲ့တနေ့ မြို့မှာ အားလုံးပြန်ဆုံကြမယ်။
ငါတို့အားလုံး ပြန်ဆုံတဲ့အခါ အခုဖြစ်ရပ်တွေကို ဘုန်းကြီးကျောင်း၊ ဘုရားတောင်မှာ ဥပုသ်စောင့်ရင်းဖြစ်ဖြစ်၊ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အဖျော်ယမကာဆိုင်မှာ ဖြစ်ဖြစ်၊ ဈေးထဲမှာ ဈေးဝယ်ရင်းဖြစ်ဖြစ်ပေါ့၊ ငါတို့တွေ အားပါးတရ ရင်ဖွင့်ကြမယ်။ ငါတို့ရဲ့ ကြေကွဲဇာတ်လမ်းတွေကို စမြုံ့ပြန်ကြမယ်။
ပြီးတော့ နောင်တချိန် ငါတို့တွေ ပြန်ဆုံကြတဲ့အခါ ငါတို့ရဲ့အိမ်၊ ငါတို့ရဲ့ မိသားစု၊ ငါတို့ရဲ့ ပတ်ဝန်းကျင်၊ ငါတို့ရဲ့ မြို့ လေးနဲ့ မြို့ခံတွေကို ရှေ့ကထက် ပိုချစ်၊ ပိုပြီး တန်ဖိုးထားကြရင်း ဘယ်တော့မှ မသေတဲ့ ဒွါရာဝတီ မြို့ပျံသံတွဲနဲ့ အတူ ငါတို့ဆက်ပြီး အသက်ရှင်ကြမယ်။