LifestyleProfile

သံတွဲ သစ္စာ အပိုင်း(၂)

ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။

သံတွဲ နွေဦးအစ

၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ အာဏာသိမ်းလိုက်ကြောင်း စစ်တပ်ရဲ့ ကြေညာချက်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်သူတွေ၊ နိုင်ငံရေခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သတင်းတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တယ်။

စစ်တပ်အာဏာသိမ်းတယ်ဆိုတဲ့သတင်းထွက်လာပြီးတဲ့နောက်မှာ ရန်ကုန်မြို့က ပြည်သူတချို့ဟာ ဈေးဝယ်စင် တာတွေ၊ ဆန်ဆိုင်တွေမှာ စားသောက်ကုန်တွေကို အလုအယက်ဝယ်ယူကြတယ်။ ATM ငွေထုတ်စက်တွေ၊ ဘဏ်တွေမှာဆိုရင်လည်း ငွေထုတ်သူတွေ တန်းစီကုန်ကြတယ်။ တိုင်းပြည်ရဲ့အခြေအနေဟာ ရုတ်တရက်ကြီးကို ပြောင်းလဲသွားတာပါ။

ဖေဖော်ဝါရီလ ၂ ရက်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လက်နက်ရှိရုံနဲ့ အစိုးရလို့ မိမိကိုယ့် ကိုယ်ကို ကြေညာနေတဲ့ စစ်အာဏာရှင်ကို အသိအမှတ်မပြု၊ မပူးပေါင်း၊ မဆောင်ရွက်ခြင်းနဲ့ စတင်တော်လှန် ကြဖို့ အသိပေးပြောဆိုလိုက်ပါတယ်။

အဲဒီနေ့မှာပဲ မြန်မာပြည်အနှံ့က ကျောင်းသားသမဂ္ဂအဖွဲ့ပေါင်းစုံကလည်း စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင် ကြောင်း ပြည်သူတွေ သံပုံးတီးကန့်ကွက်ကြဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုအောက်မှာ အလုပ် မလုပ်လိုကြောင်း Civil Disobedience Movement Campaign လှုပ်ရှားမှုကို ကျန်းမာရေးဌာနက ဆရာဝန်၊ သူနာပြုတွေက စတင်ခဲ့ကြတယ်။ အဲဒီနောက်မှာ အစိုးရဝန်ကြီးဌာနက အစိုးရဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင့်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြတယ်။

ဖေဖော်ဝါရီ ၄ ရက် မန္တလေးမှာ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင့်ရေးဆန္ဒပြမှုတခုစတင်ခဲ့ကြတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ထားဝယ်၊ ပဲခူး၊ နေပြည်တော် ပျဉ်းမနားမြို့တွေမှာ လူထုတွေဟာ ဆိုင်ကယ်တွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ တစနဲ့တစပြုလုပ်လာကြတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာတော့ ရန်ကုန်မြို့၊ လှည်းတန်းမှာ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှု စတင်ခဲ့ကြပါတော့တယ်။ ဆန္ဒပြမှုမှာပါဝင်ကြသူတွေဟာ စစ်အာဏာရှင်စနစ်ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံ တွေနဲ့အတူ လက်သုံးချောင်းထောင်ကာ လမ်းပေါ်ထွက်ခဲ့ကြတယ်။

အဲဒီနောက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေဟာ ရန်ကုန်မြို့အနှံ့ ဆက်တိုက်ဆိုသလို ကျယ်ပြန့်လာ ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာလည်း ပြည်သူတွေဟာ လမ်းပေါ်ထွက်လာခဲ့ကြတယ်။ ညဘက်သံပုံးတီး လှုပ်ရှားမှုကလည်း မြန်မာပြည်အနှံ့အကျယ်လောင်ဆုံးဖြစ်နေခဲ့တယ်။

သံပုံးတီးသံတွေဟာ နယ်မြို့ငယ်လေးဖြစ်တဲ့ သံတွဲမြို့မှာလည်း ညစဉ်၊ ညတိုင်း ကြားလာရတယ်။ ဒါပေမဲ့ လမ်းပေါ်ထွက် ဆန္ဒပြဖို့ကတော့ မြို့ကြီးတွေကို အားကျနေရုံမျှသာရှိပြီး ကိုယ်တိုင်နိုးထနိုင်ဖို့တော့ အင်အား မရှိသေးတဲ့အခြေအနေပါ။ ဘယ်သူမှ မထွက်ကြဘူးလား၊ ဘယ်သူတွေလုပ်မှာလဲ၊ သံတွဲမြို့ဟာ သတ္တိမရှိကြ ပါဘူးစတဲ့ ဝေဖန်သံတွေကတော့ ညံလို့လာပါတယ်။ နိုင်ငံရေးနိုးကြားတဲ့ သံတွဲလူငယ်ထုကြားမှာတော့ “သံတွဲ လူထု ဘာလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းတွေ ထုတ်လာကြတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ သံတွဲမြို့နယ်မှာ လူဦးရေ ၁၃၀,၀၀၀ ကျော်ရှိတယ်။ ကျေးရွာတွေ မပါဘဲ မြို့ပေါ် လူဦးရေပဲဆိုရင် ၁၄,၀၀၀ ကျော်ရှိတယ်။ သံတွဲမြို့ဟာ အစိုးရရုံး စိုက်ရာမြို့။ လူမျိုးပေါင်းစုံ ရှိတယ်။ ကိုးကွယ် ယုံကြည်မှု စုံလင်တယ်။ ယုံကြည်ရာ ပါတီအသီးသီးလည်းရှိကြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ထောက်ခံသူတွေလည်း ပေါများသလို အစိုးရရုံးစိုက်ရာမြို့ဖြစ်တဲ့ အတွက် စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရာပါတီအမာခံတွေလည်း မရှားဘူး။ ဒီအတိုင်းပဲ ရခိုင်ပြည်ဖြစ်တဲ့ အလျှောက် ရခိုင်တိုင်းရင်းသားပါတီတွေလည်း ရှိတယ်။ ရခိုင်ပါတီမှ သုံးလေးခုလောက်ကိုရှိတာ။ အလားတူ သံတွဲမြို့မှာ မထင်မရှားဖြစ်တဲ့ နှင်းဆီပါတီဝင်တွေလည်း ရှိတယ်။

ဒီနေရာမှာ အထူးပြုပြီးထပ်ပြောရရင် ဘယ်ပါတီကိုမှ မထောက်ခံဘဲ ရခိုင်တိုင်းရင်းသားအရေခြုံသလိုလို၊ အမျိုးသားရေး အရေခြုံသလိုလိုနဲ့ စစ်တပ်ကို အလုံးစုံထောက်ခံပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီ လူတစုဟာ စစ်တပ်အတွက်၊ ကိုယ်ကျိုးအတွက်ဆိုရင် မြို့ဖျက်ပြီး လူမျိုးပါချနင်းပစ်မယ်ဆိုတဲ့ လူတစု။ အဲဒီလိုကိုယ်ကျိုးသမားတွေလည်း ရှိတယ်။

သံတွဲရဲ့ နိုင်ငံရေး ရေခံမြေခံက ဒီလိုအခင်းအကျင်းရှိလေတော့ စစ်တပ်အာဏာသိမ်းမှုဖြစ်တဲ့အခါ ချက်ချင်းကြီး တုန့်ပြန်နိုင်ဖို့ မလွယ်ကူဘူး။ အဖြူအမဲ မသဲကွဲဘူး။ ပြီးတော့ မြို့ကြီးပြကြီးတွေကို စောင့်ကြည့်နေရတဲ့ အခြေအနေမှာ နယ်မြို့တခုအနေနဲ့ ချက်ချင်းကြီး မတုန့်ပြန်နိုင်တာကလည်း သဘာဝကျတယ်လို့ ဆိုရမယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို ရွံရှာကြတဲ့ သံတွဲမြို့လူထုရဲ့ ခံစားမှုတွေဟာ ရင်ဘက်ထဲကနေတဆင့် မျက်နှာတွေပေါ် ရောက်လာကြတယ်။ လူတွေရဲ့ မျက်နှာပေါ်တွေမှာ မြင်နေရတယ်။ လူတွေရဲ့ အပြောအဆို တွေမှာ ကြားနေရတယ်။ ဒါ့ကြောင့် မြို့ပေါ်မှာ တခုခုဖြစ်တော့မယ်ဆိုတဲ့အသိကို ခံစားမိလာတယ်။

တညနေတော့ မိတ်ဆွေတယောက် ကျနော့်ဆီကိုရောက်လာတယ်။ မြို့မှာဆန္ဒပြဖို့ စီစဉ်နေကြတဲ့အကြောင်းနဲ့ အဲဒီအကြောင်းတွေကို ဆွေးနွေးနေကြတဲ့ ဖေ့ဘွတ်ဂရုထဲကိုဝင်မလားဆိုတဲ့အကြောင်းလာပြောတယ်။ သူ့ရဲ့သတင်းစကားကြောင့် ကျနော် ဝမ်းသာသွားတယ်။ မယုံနိုင်ဖြစ်ပြီး “တကယ်ကြီးလား” လို့ မေးမိတယ်။ သူပြောတာတွေကို နားထောင်ရင်း ကျနော် စိတ်လှုပ်ရှားနေမိတယ်။ လာပြောတဲ့သူက တည်တည်ငြိမ်ငြိမ်နဲ့ လုပ်မယ့်အစီအစဉ်တွေ ပြောပြတယ်။

ပြီးတော့ ဖေ့ဘွတ်ဂရုထဲမှာတိုင်ပင်နေကြတဲ့အခြေအနေကို ရှင်းပြတယ်။ အဲဒီဂရုထဲမှာ သုံးလေးယောက်လောက်က ဆန္ဒပြမယ့်အကြောင်းကိုပြောနေပြီ။ မနက်ဖြန် ဆန္ဒထွက်ပြတော့မယ့်အကြောင်းကို ပြောနေပြီ။ မနက်ဖြန်ဆိုတာ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်။

သံတွဲမြို့ရဲ့ ဖေဖော်ဝါရီ ၈ ရက်

ဒီနေ့ဟာ သံတွဲမြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြမယ့်နေ့။ မြန်မာပြည်က မြို့ကြီး အသီးသီးမှာ ဆန္ဒပြနေကြပေမယ့် သံတွဲမြို့ဘာလုပ်မှာလဲလို့ တမေးတည်းမေးနေတဲ့ မေးခွန်းကို အဖြေပေးရမယ့်နေ့။ ဒီနေ့ တကယ်လုပ်ကြမှာလား၊ အိပ်ယာက စောစောထပြီး ကျနော် မြို့ထဲကို တပတ် ပတ်ကြည့်လိုက် တယ်။ လူတွေဟာ ပုံမှန်အတိုင်းပဲသွားလာနေကြတယ်။ မြို့ထဲလို့ခေါ်တဲ့ သံတွဲမြို့ ဒွါရာဝတီဈေး အနီးဝန်းကျင်ဟာ ဘာမှ ထူးခြားမနေဘူး။

တကယ်ဆို ဆန္ဒပြမယ့်သတင်းကို အာဏာပိုင်ဆိုတဲ့သူတွေက ရပြီသာဆိုတာ မှန်းဆလို့ရတယ်။ အနည်းဆုံးတော့ လုံခြုံရေးအခြေအနေထူးခြားမှုရှိနိုင်တယ်။ အခုက မြို့ဟာ ပုံမှန်အတိုင်းပါ။ ဆန္ဒမယ်ဆိုတဲ့အချိန်ဟာ မနက် ၁၀ နာရီကြောင့်မို့ အချိန်စောနေသေးလို့လည်းဖြစ်နိုင်တယ်။

ဒါကြောင့် အိမ်ကို ပြန်ပြီး မနက် ၁၀ နာရီ အားလုံးချိန်းဆိုထားတဲ့အချိန်မှာ ကျနော် ဈေးအနားကို နောက်တခါ ထပ်သွားလိုက်တယ်။ ဈေးအနားမှာ စမယ်ဆိုတာသိပေမယ့် ဘယ်အနားမှာ ဘယ်လိုပုံစံမျိုးနဲ့ထွက်လာမယ်ဆို တာ မသိတာနဲ့ ရွှေနန်းစံတည်းခိုခန်းအရှေ့အနားမှာ ရပ်ပြီးကြည့်နေမိတယ်။

ရပ်စောင့်ရတာကြာလာတဲ့အတွက် ဟိုနား၊ ဒီနားလျှောက်ရင်း သံတွဲမြို့တော်ခန်းမ(အဟောင်း)အနားကို ရောက် သွားတယ်။ ကိုယ့်လိုပဲ ဟိုရပ်စောင့်၊ ဒီရပ်စောင့်လုပ်နေကြလို့လား မသိ၊ လမ်းပေါ်မှာ လူတွေဟာ ပုံမှန်ထက် ရှုပ်နေသလိုခံစားရတယ်။ ဆန္ဒပြသူတွေဟာ ဘယ်ကနေထွက်လာကြမလဲ၊ ဘယ်လိုပုံစံနဲ့ စကြမှာလဲဆိုတာ ရင်တဒိတ်ဒိတ်နဲ့စောင့်ကြည့်နေမိတယ်။

ဈေးအနားမှာ လုံခြုံရေးရဲဝန်ထမ်းရယ်လို့ မတွေ့ရဘဲ မနက်တိုင်းမြင်ရလေ့ရှိတဲ့ ယာဉ်ထိန်းရဲတွေကိုသာ တွေ့ရတယ်။

လူတွေဟာ ကိုဗစ်ကာလအလွန်ဆိုတော့ အားလုံးရဲ့ မျက်နှာမှာ Mask တွေနဲ့ပါ။ ကိုယ့်ရဲ့မိတ်ဆွေတွေကို အလွယ် တကူသိရပေမယ့် မရင်းနှီးတဲ့သူဆိုရင် တော်ရုံနဲ့ ရုပ်ဖမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီအခြေအနေဟာ ဆန္ဒပြမှုအတွက် အကောင်းဆုံးသော တိုက်ဆိုင်မှုဖြစ်နေတယ်။

သံတွဲမြို့တော်ခန်းမအရှေ့၊ အနော်ရထာလမ်းထိပ် ဈေးထောင့်မှာ ကျနော်ရပ်ဆိုင်နေချိန် အနက်ရောင်ဝမ်းဆက်၊ မျက်နှာမှာ ပုဝါ အနက်ရောင် စည်းထားတဲ့လူငယ်တယောက် ဈေးထဲကထွက်လာပြီ “စကြတော့ မလား” တဲ့။ ရုတ်တရက်မို့ “ အင်း…စတော့မယ်” လို့ ပြန်ဖြေပြီး သူ့ကို လိုက်ကြည့်မိတယ်။

အဲဒီအချိန် သံတွဲမြို့ သာသနာ့ဗိမာန်ရှေ့နဲ့ ခန့်ချောကြီး ဓာတ်ပုံဆိုင်ရှေ့ လမ်းဆုံအဝိုင်းလေးနားကနေ လူတွေဟာ စုဝေးလိုက်ကြတယ်။ ရှေ့ဆုံးက လူငယ်အမျိုးသားနှစ်ဦးက “စစ်အာဏာရှင်စနစ် အလိုမရှိ၊ We Don’t Want a Military Dictatorship” ၊ “ သံတွဲမြို့ကျောင်းသား၊ ကျောင်းသူဟောင်းများ” လို့ ရေးသားထားတဲ့ ဗီနိုင်းတခုကို ကိုင်ထားကြတယ်။

သူတို့ရဲ့နောက်မှာ လူငယ်တွေဟာ မြန်မာအလံတွေကို ကိုယ်စီကိုင်ထားကြသလို လက်သုံးချောင်းကိုလည်း ထောင်ထားကြတယ်။ ဆန္ဒပြလူငယ်တွေရဲ့ ရင်ဘက်မှာ အနီရောင်ဖဲကြိုးလေးတွေ ကပ်ထားကြတယ်။ အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆိုင်းဘုတ်တွေ ကိုင်ထားကြတယ်။ လူငယ်တွေဟာ အရောင်အသွေးစုံလင်စွာနဲ့ ထွက်လာကြတာပါ။ လမ်းပေါ်မှာ လူစုပြီး စထွက်ကတည်းက ပလက်စတစ်ကြိုးကို တန်းပြီး စည်းကမ်းရှိရှိ ထွက်ခဲ့ကြတာပါ။ အံ့ဩစရာကောင်းတာက အဲဒီမိနစ်ပိုင်းလေးအတွင်းမှာ ဆန္ဒပြလူတန်းဟာ ရာချီသွားတယ်။

    မိနစ်ပိုင်းအတွင်းမှာ ဖြစ်သွားတဲ့လူတန်းကြီးဟာ တိုက်ဆိုင်မှု မဟုတ်ဘူး၊ အာဏာရှင်ကို ရွံမုန်းခဲ့ကြတဲ့ သံတွဲသူသွံတွဲသား တဦးချင်းစီက ကြိုတင်ပြင်ဆင်ထားမှု အားကောင်းခဲ့ကြတာ၊ စည်းကမ်းရှိခဲ့ကြတာ၊ ဒီမိုကရေစီကို လိုလားသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို သက်သေပြလိုက်တာ။

    လူသိရှင်ကြား ခေါ်စရာ မလိုဘူး၊ ကား အကြိုအပို့ မရှိဘူး။ အခကြေးငွေနဲ့ မြူဆွယ်စရာ မလိုဘူး။ ဒံပေါက် တွေလည်း မဝေခဲ့ဘူး။

    တူညီနေကြတဲ့ ရင်ဘက်တွေ သံတွဲမြို့တော်ခန်းမရှေ့မှာ စုရုံးရောက်ရှိလာကြတာ။ ယုံကြည်ချက်တူကြသူတွေ ကို ယုံကြည်စွာနဲ့လက်တွဲဖို့ ဒီနေရာကို ရောက်လာကြတာ။ စောစောက ယောင်လည်ယောင်လည် လုပ်နေကြသူတွေဟာ အဖွဲ့လိုက်၊ အစုလိုက် လက်တွဲပြီး ဆန္ဒပြလူတန်းကြီးမှာ ပူးပေါင်းလိုက်ကြတယ်။

    ထိပ်ဆုံးက ဦးဆောင်သူ ၂ ယောက်ဟာ လူတန်းကြီးကိုစောင့်ရင် လေးယောက်တတန်း၊ ငါးယောက်တတန်း လူစီလိုက်ကြတယ်။ အဲဒီလူတန်းကြီးဟာ ဘုရင့်နောင်လမ်းထိပ်၊ ဦးဘိုလေးမောင် ရွှေဆိုင်ရှေ့၊ ဈေးထောင့်ထိပ် ကနေ စထွက်လာတဲ့ သာသနာ့ဗိမာန်ရှေ့အထိပါ။

    ပြီးတာနဲ့ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြကြတဲ့ သံတွဲမြို့ပြည်သူတွေဟာ ဘုရင့်နောင်လမ်း အတိုင်း ငပလီကမ်းခြေသွားရာဘက်ကို ချီတက်ခဲ့ကြပါတော့တယ်။ ဒွါရာဝတီသံတွဲဈေးရှေ့က ဖြတ်သွားတဲ့အခါ ရပ်ကြည့်နေတဲ့ ပြည်သူတွေဟာ လက်ခုတ်တီးကြိုဆိုကြတယ်၊ ချီတက်ဆန္ဒပြသူတွေကလည်း ကောင်းချီးပေး လက်ခုပ်ပြန်တီးပေးတာကလွဲလို့ အားလုံးဟာ စည်းကမ်းရှိရှိ အသံမထွက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။

    ဘုရင့်နောင်လမ်းအတိုင်းချီတက်လာတဲ့ ဆန္ဒပြလူတန်းကြီးဟာ မာဃလမ်းထိပ်အရောက်မှာ ရှေ့ကိုဆက်လက် မချီတက်တော့ဘဲ မာဃလမ်းထဲကို ဝင်လိုက်ကြတယ်။ ချီတက်ရာလမ်းတလျောက်မှာ လူတွေက ထပ်ပြီး ပူးပေါင်းခဲ့တာကြောင့် ဆန္ဒပြလူတန်းကြီးဟာ မာဃလမ်းထိပ် ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို အပြည့်ဖြစ်သွား တယ်။ လူဦးရေပေါင်း သောင်းဂဏန်းကပ်သွားလောက်တယ်။

    စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို မလိုလားကြောင်း ဆန္ဒပြသူတွေထဲမှာ သံတွဲမြို့အပြင် ငပလီတကြော၊ ဂျိတ္တော၊ မြပြင် နဲ့ အနီးအနားက ကျေးရွာတွေကလည်း လာရောက်ပူးပေါင်းခဲ့ကြတာပါ။ သံတွဲလူထုဟာ အထူးညီတယ်။ လမ်းပေါ်ထွက် ချီတက် သူတွေရှိသလို အိမ်ရှေ့တွေ၊ လမ်းဘေးတွေကလည်း ရေဘူး၊ အအေးဘူး ကမ်းသူတွေက အလိုက်သင့်၊ အဆင်သင့်။ လူတန်းကြီးရဲ့ ဘေးနဲ့ အနောက်ဘက်မှာလည်း အမှိုက်ကောက်သူတွေကလည်း အလိုက်တသိ သူ့နေရာနဲ့ သူ တာဝန်ကိုယ်စီယူကြတာတွေ့ရတယ်။

    အမျိုးသား ၂ ဦး ဦးဆောင်ချီတက်နေရာကနေ မာဃလမ်းထဲအရောက်မှာ အမျိုးသမီး ၃ ဦးက ဆက်လက် ဦးဆောင်ချီတက်တယ်။ ဦးဥတ္တမလမ်းပေါ်ရောက်တော့ စည်ပင်ရုံး၊ ရုံးကြီးနဲ့ ပြန်ကြားရေးရုံးဘက်ကို ဦးတည်ပြီး ဦးဥတ္တမလမ်းအတိုင်းဆက်သွားကြတယ်။ စည်ပင်ရုံး၊ သံတွဲမြို့ ခရိုင်ရုံး၊ မြို့နယ်ရုံးရှေ့ကနေ ချီတက်ပြီး သံတွဲမြို့ ပြန်ကြားရေးရုံးအရှေ့အရောက်မှာတော့ သေနတ်ကိုင်ထားတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေက တန်းစီကာ စောင့်ဆိုင်း နေကြတယ်။

    ဒီအခါ ရှေ့ဆုံးက ဦးဆောင်နေတဲ့အမျိုးသမီး ၃ ဦးနေရာမှာ မူလက ဦးဆောင်သူ အမျိုးသား ၂ ဦးက ပြန်လည် အစားထိုးဦးဆောင်လိုက်ကြတယ်။

    သံတွဲပြန်ကြားရေးရုံးရှေ့ လမ်းဘေးမှာ ရဲကားတွေကို ရပ်ထားပြီး သေနတ်ကိုယ်စီကိုင်ထားတဲ့ အင်အား ၂၀ ကျော် ရဲတပ်ဖွဲ့က လမ်းပိတ် ထားတာပါ။ သူတို့ရဲ့နောက်မှာ သေနတ်ကိုင်ထားတဲ့ စစ်သားတချို့ကိုလည်း တွေ့ရ တယ်။ ဒွါရာဝတီတံတားထိပ် လမ်းဆုံမီးပွိုင့်မှာလည်း လူထုက ရပ်ကြည့်နေကြတယ်။

    ချီတက်လာတဲ့ဆန္ဒပြလူအုပ်ကြီးကို ဆက်လက်မချီတက်ဖို့နဲ့ လူစုခွဲဖို့ ရဲမှူးတယောက်က တားမြစ်တယ်။ ဒီလိုလုပ်လို့ မရကြောင်းနဲ့ တာဝန်အရ တားမြစ်ရမယ့်အကြောင်းပြောတယ်။ ရှေ့ဆုံးက ဦးဆောင်သူတွေ ကလည်း စတင်စုဝေးရာအနေရာရောက်တဲ့အခါ လူစုခွဲမယ့်အကြောင်းပြောတယ်။ ရဲမှူးက မရဘူးသာ ဘူးခံငြင်းတယ်။ ပြီးတော့ ဦးဆောင်သူတွေကို နာမည်တွေ၊ လိပ်စာတွေ မေးပြီး မှတ်ထားလိုက်တယ်။

    အဲဒီအခိုက်အတန့်ဟာ ချီတက်ဆန္ဒပြတဲ့ လူထုကြီးအတွက်အရေးကြီးတဲ့ အခိုက်အတန့်ပါ။ လုံခြုံရေး ရဲတွေ စကားနားထောင်ပြီး အဲဒီနေရာမှာ လူစုခွဲလိုက်ရင် လုံခြုံရေးရဲတွေဘက်က အသာရပြီး ဆန္ဒပြလူအုပ်ကြီးကို “ဘာမှ မဟုတ်ပါဘူးကွာ” ဆိုတာမျိုးဖြစ်သွားနိုင်တယ်။

    အဲဒီလိုမဟုတ်ဘဲ ဆန္ဒပြဦးဆောင်သူတွေက မိမိတို့ရဲ့ မူလစီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ပြီးမှ လူစုခွဲနိုင် မယ်ဆိုရင်တော့ ပထမဆုံးနေ့မှာ ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်တယ်လို့ မှတ်ယူပြီး နောက်ရက်တွေ အတွက် ခွန်အားတွေ ဖြစ်စေနိုင်တယ်။

    လုံခြုံရေးရဲတွေက သေနတ်တွေနဲ့ ရှေ့ကနေ တန်းစီရပ်စောင့်နေပြီး ဆက်လက်မချီတက်ဖို့နဲ့ လူစုခွဲဖို့ကိုသာပြောတယ်။ အဲတော့ ဆန္ဒပြလူတန်းကြီးအတွက် ဘာဆက်လုပ်မလဲဆိုတာက ပြဿနာဖြစ်လာတယ်။ ဖြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရှင်းလင်းတဲ့ညွှန်ကြားမှုက အနောက်ဘက်က လူအုပ်ကြီးကို ပြောဖို့လိုအပ်လာတယ်။

    တချို့က ဒီလောက်ဆိုရင် လုံလောက်ပြီး လူစုခွဲလိုက်ကြဖို့ လိုက်ပြောတယ်။ အများစုကလည်း မဖြစ်ဘူး ရည်ရွယ်ချက်အတိုင်း ဆက်လက်ချီတက်ဖို့ အဆိုပြုတယ်။ ဒါပေမဲ့ မူလရည်ရွယ်ချက်က ဘာလဲဆိုတာ ကျနော်တို့ကိုယ်တိုင် အဲဒီအချိန်မှာ မသိခဲ့ဘူး။ မူလရည်ရွယ်ချက်က ဘာဖြစ်တဲ့အတွက်၊ ဘာဆက်လုပ်မယ် ဆိုတမျိုး လိုက်ပြောတာလည်း မရှိဘူး။

    အဲဒီအခါ မူလက ဦးဆောင်နေတဲ့ အမျိုးသား ၂ ဦးနေရာမှာ နောက်ထပ်အမျိုးသမီးတွေအစားထိုးလာပြီးတော့ ဆက်လက်ချီတက်ဖို့ တောင်းဆိုတယ်။ စထွက်ခဲ့ကြတဲ့ ခန့်ချောကြီး ဓာတ်ပုံဆိုင်ရှေ့ လမ်းဆုံရောက်ရင် လူစုခွဲပေးမယ့်အကြောင်း ကတိပြုတောင်းဆိုလိုက်တယ်။ အဲဒီအခါ အနောက်ဘက်က လူထုကလည်း အဲဒီအတိုင်းထောက်ခံလိုက်ကြတယ်။

    ဒီအခါ အရာရှိလို့ ထင်ရတဲ့ စစ်သားတယောက်ဟာ ဖုန်းနဲ့ဆက်သွယ်စကားပြောရင်း မီးပွိုင့်ဘက်ကို ထွက်သွားတာ မြင်လိုက်ရတယ်။ အဲဒီနောက် သဘောတူညီချက်ရပြီး တန်းစီစောင့်ဆိုင်းနေတဲ့ သေနတ်ကိုင် လုံခြုံရေး ရဲဝန်ထမ်းတွေအားလုံး ဘေးဖယ် လမ်းဖွင့်ပေးလိုက်တယ်။ ချီတက်ဆန္ဒပြတဲ့လူထုဟာ အားရဝမ်းသာ လက်ခုပ်တီးပြီး ဆက်လက်ချီတက်ကြတယ်။ ပေးထားတဲ့ ကတိအတိုင်း လမ်းဆုံအရောက်မှာ တာဝန်သိသိနဲ့ အသီးသီး လူစုခွဲလိုက်ကြတယ်။ အချိန်က မွန်းလွဲ ၁ နာရီခွဲကျော်။

    သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပထမဆုံးနေ့ဟာ “တွဲအားလုံးမှာ စက်ခေါင်းပါတယ်” ဆိုတဲ့ အတိုင်း လိုအပ်တဲ့အချိန်မှာ အားလုံးက ဦးဆောင်ပြီး လိုရာ ခရီးဆုံးကို ဆက်လက်ချီတက်နိုင်ခဲ့ကြတယ်။

    စစ်အာဏာရှင် ဆန့်ကျင်ရေးပထမဆုံးနေ့ဟာ အောင်မြင်ခဲ့ကြတယ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းမှာ သံတွဲသူသံတွဲသားတွေ မရိုင်းဘူးဆိုတာကို သက်သေပြခဲ့ကြတယ်။

    ဒီနေ့အောင်မြင်စွာချီတက်နိုင်ခဲ့တဲ့အတွက် မနက်ဖြန် ပြန်တွေ့ကြမယ်ဆိုတာ အားလုံးရဲ့ ရင်ဘက်ထဲမှာ တူညီနေတဲ့ ယုံကြည်ချက်တခုပါ။

    -ဆက်လက်ဖော်ပြပါမည်။

    Related Articles

    Leave a Reply

    Your email address will not be published. Required fields are marked *

    Back to top button