
ဒွါရာဝတီ၊ ဩဂုတ် ၂၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက နေ့ရောညပါ ဧည့်စာရင်းစစ်နေပြီး၊ ရပ်ကွက်ရုံးသို့ မိသားစုဓာတ်ပုံနှင့် အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူများပါ မဖြစ်မနေ ပေးနေရကြောင်း ဧရာဝတီတိုင်း ကျုံပျော်မြို့တွင် ခေတ္တရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူ တဦးက ပြောသည်။
“ရဲတွေနဲ့ ထောက်လှမ်းရေးတွေလား မသိ၊ အိမ်ထောင်စုစာရင်းတွေ ထပ်တောင်းတယ်၊ မိသားစုပုံရိုက်ပြီး ဓာတ်ပုံထုတ်ပေးရတယ်၊ ဘယ်ကလာတာလဲ၊ ဘယ်မှာနေတာလဲ၊ အိမ်ရှင် ဘယ်သူလဲ အကုန်ထပ်မေးတယ်၊ ဧည့်စာရင်းက ညမှ စစ်တာ မဟုတ်တော့ဘူး၊ နေ့ခင်းဘက်တွေပါစစ်နေတယ်” ဟု အထက်ပါ စစ်ဘေးရှောင် ပြည်သူတဦးက ဧရာဝတီသို့ ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးမှ တိမ်းရှောင်လာသည့် ရခိုင်တောင်ပိုင်းပြည်သူများကို စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေပြီး၊ နေထိုင် ရေးအတွက် မလုံခြုံသကဲ့သို့ ခံစားရခြင်းများကြောင့် အခြားတနေရာသို့ ထပ်မံ ပြောင်းရွှေ့သွားသူများလည်း ရှိကြောင်း သူက ပြောသည်။
“အိမ်ထောင်စုစာရင်း မရှိရင်တော့ အတော်မလွယ်၊ အဓိက အဲ့ဒါ၊ မှတ်ပုံတင် မိတ္တူနဲ့ ကလေးပါတဲ့ လူတွေကို ကလေးမွေးစားရင်း တောင်းတယ်” ဟု သူက ပြောသည်။
စစ်ရှောင်ရောက်ရှိနေသူများအားလုံး၏ အဆိုပါအချက်အလက်များကို တရက်အတွင်း ပေးရမည်ဆိုသည့် အမိန့်ကြောင့် ရပ်ကျေးအဆင့် စစ်ကောင်စီခန့် ဝန်ထမ်းများ အလုပ်ရှုပ်နေပြီး အချင်းချင်း မကျေလည်မှုများ လည်း ကြားရကြောင်း သိရသည်။
“တရက်တည်းနဲ့တောင်းတယ်တဲ့၊ ဘယ်လိုရနိုင်ဖို့လဲဆိုပြီး သူတို့အချင်းချင်းပြောနေတာ” ဟု အထက်ပါ စစ်ရှောင်ပြည်သူက ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ သံတွဲနှင့် ဂွမြို့နယ်များတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရိုးမဖြတ်ကျော် ကာ ဧရာဝတီတိုင်းသို့ စစ်ဘေးရှောင်သွားကြသူများသည် နေ့စဉ်နဲ့အမျှ တိုးပွားလျှက်ရှိပြီး စားဝတ်နေရေးနှင့် နေထိုင်ရပ်တည်ရေး၊ လုံခြုံရေးအတွက် အခက်ကြုံလျှက်ရှိသည်။
#ရခိုင်စစ်ရှောင် #ဧရာဝတီတိုင်း #ရခိုင်