တောင်ကုတ်၊ ဩဂုတ် ၁၃၊ ၂၀၂၄။
တောင်ကုတ်မြို့၏ တောင်ဘက် နာရေးရုံးအရှေ့ရှိ သုသာန်ဟောင်းတောင်ခြေတွင် ဩဂုတ် ၁၃ ရက် ဒီနေ့ ညနေ ၄ နာရီခွဲအချိန်က ဂူတာမီးစက်ကွက်သစ် ၄ လမ်းနေ အသက် ၃၅ ဝန်းကျင်အရွယ် ကိုမောင်ပု ဆိုသူ မိုင်းနင်းမိ၍ ညာခြေထောက်ပြတ်ရှဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ခုလူနာကတော့ ကုတင် ၁၀၀ မှာ ဆေးကုသမှုခံယူနေတယ်၊ အသက်အန္တရာယ်တော့ မရှိဘူး၊ တောင်ကုတ် အနေနဲ့တော့ ကုသဖို့မလွယ်ဘူး၊ လမ်းလည်းမဖွင့်တော့ တောင်ကုတ်မှာလည်း ဆရာဝန်၊ ဆရာမတွေက လုံလောက်မှု မရှိဘူး၊ အထူးခွဲစိတ်ဆရာဝန်တယောက်သာရှိတယ်” ဟု ဒေသခံတဦးက ပြောသည်။
ကိုမောင်ပု မှာ ငါးရှာက ပြန်လာပြီး ကမ်းနားသို့တက်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း သိရသည်။
ကိုမောင်ပုသည် ကလေး ၃ဦး ဖခင်တဦးဖြစ်ကြောင်းသိရသည်။
“ခြေဖဝါး ကွဲပြဲသွားတယ်၊ ဖြတ်ရရင်တောင် ခြေမျက်စိလောက်က ဖြတ်ရနိုင်တယ်” ဟု လူနာအခြေအနေကိုကြားသိထားသည့် ဒေသခံတဦးက ပြောသည်။
ပုံ-မိုင်းနင်းမိခဲ့သည့် ဦးမောင်ပု။
သုဿာန်တောင်အနီးတွင် တပ်မ ၅၄၄ ရှိပြီး တပ်ပတ်လည်တွင် မိုင်းများ ထောင်ထားရာ ဒေသခံများ စားဝတ်နေ ရေးအတွက် သွားလာရာတွင် အန္တရာယ်ရှိနေကြောင်း တောင်ကုတ်မြို့ရှိ အမျိုးသမီးတဦးက ပြောသည်။
ဒေသခံ အမျိုးသားတဦးကလည်း “မနေ့က ညနေကမှ ထောင်တာထင်တယ်၊ မနေ့က စစ်သားတွေကို တောင်နားမှာ တွေ့လိုက်တယ်၊ အဲဒီတောင်နားက သွားဖို့ကို မသင့်တာ၊ တပ်ပတ်ပတ်လည် ထောင်ထားတယ် ထင်တယ်၊ ဟိုတခါဖြစ်တာလဲ အဲတောင်ပေါ်ပဲ၊ ခုက တောင်ခြေရင်းမှာ တက္ကသိုလ်ဘက်နဲ့ တပ်ဘက်တွေက မိုင်းချထားတတ်တဲ့ နေရာမျိုးလို့ပြောရမယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ အတွင်းကလည်း တောင်ကုတ်မြို့၊ နာရေးကူညီမှုရုံးအနီး တောစပ်တွင် အိမ်တွင်ချက်စားရင် ကတတ်ရိုးသွားချိုးသည့် အမျိုးသမီးတဦး စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ခြေတဖက် ဖြတ်တောက်ခဲ့ရဖူးသည်။
ထို့ပြင် ဇွန်လ ၂၅ ရက်က တောင်ကုတ်တက္ကသိုလ် အနောက်ဘက်တွင် ဟင်းရှာထွက်လာသူတွေ မိုင်းနင်းမိ၍ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ခြေတဖက်စီ ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီက စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသောကြောင့် အရပ်သား သေဆုံး၊ ထိခိုက်မှုများ ပိုမိုများပြားလာနေကြောင်း၊ အရပ်သားများကို အန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။
ယနေ့ ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ၃၄၆ တပ်နှင့် တောင်ကုတ်တက္ကသိုလ်အနီးသို့ လေယာဉ်ပေါ်မှ လေထီးများ ချနေသည်ကို တွေ့ရှိရပြီး စစ်အင်အားဖြည့်တင်းသည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပုံ-မိုင်းနင်းမိခဲ့သည့် ဦးမောင်ပု။