BattleNews

မောင်ရွှေလေးရေတပ်အနီး သစ်ကောက်ရွာဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ၆ ဦးသေဆုံး၊ အလောင်း မကောက်နိုင်သေး

သံတွဲ၊ ဩဂုတ် ၁၁၊ ၂၀၂၄။

သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းနှင့် ၁ မိုင်ကျော်ဝေးသော သစ်ကောက်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သား ပြည်သူ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသည့်သူများလည်းရှိသည်ဟု အနီးဝန်းကျင် ကျေးရွာဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

သစ်ကောက်ကျေးရွာသည် ဇလွန်-မောင်ရွှေလေးကားလမ်းပိုင်းပေါ်တွင်ရှိပြီး မောင်ရွှေလေး ရေတပ် စခန်းနှင့် ၁ မိုင်ကျော်ခန့်အကွာအဝေးတွင်ရှိသည့် ကားလမ်းဘေးကျေးရွာဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေသဖြင့် ရွာခံပြည်သူများသည် ရွာထိပ်ရှိ ဘုန်းကြီးကျောင်း၌ စုဝေးနေထိုင်နေ ကြစဉ် ဩဂုတ် ၁၀ ရက် မနက် ၁၀ နာရီကျော်အချိန်၌ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး သည် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါဘုန်းကြီးကျောင်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

သူက “သေတဲ့အထဲက တစ်ယောက်ဆိုရင် ထမင်းအိုးငှဲ့နေရင်းသေသွားတာ၊ အလောင်း မကောက်နိုင် သေးဘူးလို့ ပြောတယ်၊ ဘာနဲ့ပစ်ခံရမှန်းတောင် မသိဘူးတဲ့၊ ကျတယ်ဆိုတာနဲ့ ထွက်ပြေးလာကြတယ်၊ ဘာပစ္စည်းမှ မပါ၊ တချို့ဆို ဖိနပ်တောင်မပါကြဘူး” ဟု ပြောသည်။

သစ်ကောက်ရွာသည် စစ်ကောင်စီရေတပ်စခန်းအနီး ကျေးရွာဖြစ်ကာ၊ အချို့က အစောကတည်းက စစ်ဘေးရှောင်ကြသော်လည်း အချို့ရွာခံများက ၎င်းတို့ကျေးရွာသည် တိုက်ပွဲမဖြစ်နိုင်ဟု ယူဆထား ကြကာ ကားလမ်းဘေး၊ ရွာထိပ်ရှိ ဘုန်းကြီးကျောင်း၌ စုပေါင်းခိုလှုံ နေကြစဉ် ယခုလို ပစ်ခတ်ခံလိုက် ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းကို ဗုံးကျခါမှ ထွက်ပြေးလာကြတာ၊ (……)ရွာ ဘက်ကို ရောက်နေကြတယ်၊ အစကတော့ သူတို့ရွာက ဘာမှ မဖြစ်နိုင်လို့ ထင်နေကြတာပါ“ ဟု ဒေသအခြေအနေကို သိနားလည်သည့် ဒေသခံ စစ်ရှောင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ အထိုင်ချရေတပ်စခန်းသို့ အာရက္ခတပ်တော်(အေအေ)တပ်ဖွဲ့ဝင်များ အလွယ်တကူဝင် ရောက်နိုင်ခြင်း မရှိအောင် ဇလွန်-မောင်ရွှေလေး ကားလမ်းပေါ်ရှိ ဆင်ဒင်လေးကျေးရွာအနီးက ဘေလီတံတား တစီးအပါ အဝင် တံတား ၃စင်းကို စစ်ကောင်စီက ဇူလိုင်လအတွင်းက မိုင်းခွဲဖျက်စီး ခြင်းများ ပြုလုပ်ထားသည်။

စစ်ကောင်စီသည် သံတွဲမြို့တောင်ဘက်ခြမ်းရှိ စစ်ရှောင်များခိုလှုံနေသည့် ကျေးရွာများကို ဇူလိုင်လ လယ်ကတည်းက ကြည်း၊ ရေ၊ လေ ပေါင်းကာ အခါအားလျှော်စွာ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဇူလိုင်လလယ်မှာ ယခုအချိန်အထိ အဘဲကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ကျောက်ခေါင်းကွင်း ကျေးရွာတို့မှ ဒေသခံများနှင့် စစ်ရှောင်ပြည်သူ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ဖူးသည်။

ယခု သစ်ကောက်ကျေးရွာတွင် ၆ဦးထပ်မံသေဆုံးခဲ့ခြင်းကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးပြီးဖြစ်ကာ၊ ထိခိုက်ဒဏ်ရာရသူများလည်း တိုးလာလျှက်ရှိသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button