မောင်တော၊ ဇူလိုင် ၈ ရက်၊ ၂၀၂၄။
မောင်တောမြို့တွင် နယ်ခြားစောင့်အမှတ်(၅) စခန်းနှင့် ခံစစ်အထပ်ထပ်ဖြင့်ခုခံနေသည့် မောင်တောမြို့တွင်းစခန်း ဟူ၍ စခန်း ၂ ခုသာကျန်ရှိရာ အဆိုပါ စစ်ကောင်စီစခန်း ၂ ခုသည် မြို့ခံပြည်သူများကို မြို့တွင်းမှ လုံးဝထွက်ခွင့် မပေးဘဲ လူသားဒိုင်းအဖြစ်အသုံးပြုကာ ခံစစ်ကို အခိုင်အမာပြင်ဆင်လျက်ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်က ပြောသည်။
ဩဂုတ်လ ၇ ရက် ယမန်နေ့က ထုတ်ပြန်သည့် ဘူးသီးတောင်၊ မောင်တောဒေသ၏ မြေပြင်ပကတိအခြေအနေ နှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်က အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မောင်တောမြို့တွင် အထက်ပါ စခန်း ၂ ခုကျန်ရှိနေသေးခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ၌ စစ်ကောင်စီသည် မောင်တောမြို့ခံများကို မြို့ထဲမှ ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားပြီး မြို့တွင်းရှိ လူနေအိမ်များကို အခိုင်အမာ ခံစစ်စခန်းများအဖြစ်ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်ထားလျက်ရှိသည်ဟု ဆိုသည်။
ပုံ-အာရက္ခတပ်တော်(အေအေ)က ကယ်ထုတ်ခဲ့သော ဒေသခံမွတ်ဆလင် ပြည်သူများနှင့် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီနှင့် အစွန်းရောက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များထံမှ အာရက္ခတပ်တော်(အေအေ) သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ။
ယင်းသို့သောအခြေအနေတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) အနေဖြင့် အာရက္ခဒေသနေ ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအဝဝကို အပြည့်အဝ ကာကွယ်ပေးနိုင်ရန်အတွက် ဒေသခံပြည်သူလူထုများနှင့်ပူးပေါင်းပြီး ထိရောက်သော လုံခြုံရေးဆိုင်ရာ ကာကွယ်မှုမျိုးကို တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနေရာများအားလုံးကို အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် ဘာသာရေး၊ လူမျိုးရေအကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက်လည်း အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက် ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံ-အေအေတပ်တော်က ကယ်ထုတ်လာသည့် ဘင်္ဂလီလူမျိုးများ။
လက်ရှိ၌ ရခိုင်ပြည်တွင် စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် RSO၊ ARSA၊ ARA အစရှိသော မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်သမား အုပ်စုငယ်အချို့နှင့်အတူယှဉ်တွဲနေထိုင် ပူးပေါင်းကာ ဒေသတွင်း၌ အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု သိရသည်။