BattleNews

မောင်တောမြို့လက်လွှတ်ရတော့မည့်အခြေအနေတွင် စစ်တပ်က လူနေအိမ်နှင့် အဆောက်အဦများကို မီးရှို့ဖျက်ဆီး

မောင်တော၊ ဩဂုတ် ၂၅၊ ၂၀၂၄။

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိရာ၌ စစ်ရှုံးပြီး မောင်တောမြို့ကို လက်လွှတ်ရတော့မည့်အခြေအနေသို့ရောက်ရှိလာသည့်အချိန်တွင် မြို့ပေါ်ရှိ လူနေအိမ်များနှင့် အဆောက်အဦများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်လာကြ သည်ဟု အာရက္ခတပ်တော်(အေအေ)က ဩဂုတ် ၂၄ ရက် မနေ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်ရှိ လက်ကျန်မြို့များကို အပြီးအပိုင်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင် မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တခုမကျန်ရှင်းလင်းလျက်ရှိရာ စစ်ကောင်စီက စစ်ရှုံးတော့မည့် အခြေအနေတွင် လူနေအိမ်များကို မီးရှို့ပြီး ရရာနည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာ သောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တမြို့ဖြစ်လာတော့မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဩဂုတ် ၄ ရက်တွင် မောင်တောမြို့သိမ်းတိုက်ပွဲအား စတင်ခဲ့သော်လည်း မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများအား တခုပြီးတခု သိမ်းပိုက်ရရှိရန် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တခုပြီးတခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထိုကြောင့် မောင်တောမြိုသိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက်လက်နက်ကိုင် မွတ်ဆလင်များနှင့် ၎င်းတို့လက်ပါးစေများကို ယခုရက်သတ္တပတ်များအတွင်း နေ့တိုင်းဖမ်းဆီးရမိသကဲ့သို ၎င်းတို့အလောင်းများနှင့် အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊  လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရမိခဲ့သည်။ 

အာရက္ခတပ်တော်အနေဖြင့်လည်း ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကိုဆင်နွှဲနေသော သူများအား လိုက်လံချေမှုန်းလျက်ရှိသည်။

ရခိုင်ပြည်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြားတပ် တိုက်ပွဲများဖြစ်ပွားခဲ့ရာ၌ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်ရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ငပလီ၊ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီးစသည့်မြို့များကို အာရက္ခတပ်တော်က သိမ်းထားပြီးဖြစ်သည်။

#ရခိုင် #မောင်တော #အေအေ #AA #မြို့သိမ်း

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button