BattleNews

သံတွဲနှင့် ဂွ ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် စက်လှေများ သွားလာခွင့်အား စစ်ရေးလိုအပ်ချက်အရ အရေးပေါ် ပိတ်လိုက် ကြောင်း ULA/AA ထုတ်ပြန်

သံတွဲ၊ ဩဂုတ် ၁၊ ၂၀၂၄။

စစ်ကောင်စီသည် အရပ်သားစက်လှေများကို အသုံးချကာ တပ်အင်အား ဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက် ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် သံတွဲမြို့နှင့် ဂွမြို့ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင် စက်လှေများ သွားလာခွင့်ကို အရေးပေါ် ပိတ်လိုက်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

စစ်ကောင်စီသည် မြပြင်၊ ဂျိတ္တောအပါအဝင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်စခန်းများနှင့် သံတွဲမြို့ကို ပြန်လည် ရယူနိုင်ရန်အတွက် အရပ်သားအယောင်ဆောင်ကာ စစ်အင်အားဖြည့်တင်းခြင်း၊ ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် သံတွဲမြို့ တွင်း၌ ဖောက်ထွင်းခိုးယူလုယက်ခြင်းများကို ပြုလုပ်နေကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်နက်ကိုင်ဆောင်ကာ ကစဉ့်ကလျားထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အုပ်စုငယ်များနှင့် အာရက္ခတပ်တော်(အေအေ)တို့ကြား မြပြင်၊ ဂျိတ္တောနှင့် ကွမ်းဝိုင်းတို့တွင် ရံဖန်ရံခါ တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်စခန်းနှင့် ဘင်္ဂလားပင်လယ်ပြင်အတွင်း တပ်စွဲထားသည့် ရေတပ်စစ်သင်္ဘောများနှ လက်နက်ကြီးအကူများဖြင့် ပစ်ကူများနှင့် အတူ အဆိုပါနေရာများကို ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးစားနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အရေးပေါ်ကျန်းမာရေး သို့မဟုတ် မဖြစ်မနေ သွားလာရမည့် ကိစ္စရပ်များရှိပါက သက်ဆိုင်ရာ နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများကိုဆက်သွယ်၍ ၎င်းတို့သတ်မှတ်ထားသော လမ်းကြောင်းနှင့် အမှတ်အသားများကို ပြုလုပ်ကာ သွားလာရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

အရပ်သား စက်လှေများအနေနှင့် စစ်ကောင်စီ၏ ဖိအားပေးခိုင်းစေခြင်းကို လိုက်နာခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် အရေးပေါ် စစ်ရေးလိုအပ်ချက်အရ အထူးသတိပေးကြောင်း၊ ဤထုတ်ပြန်ကြေငြာချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button