
ဂွ၊ ဇူလိုင် ၃၀၊ ၂၀၂၄။
ဇူလိုင် ၂၄ရက် ညပိုင်းက စစ်ကောင်စီက မိုင်း ၃လုံးခွဲကာဖျက်ဆီးခဲ့သည့် သံတွဲ-ဂွအဝေးပြေး လမ်းမပေါ်ရှိ ချင်းကွင်းတံတားကို အာရက္ခတပ်တော်(အေအေ)က ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ “ရဲဝံ့စွန့်စား ပြည်ချစ်သား”ဆိုသည့် မီဒီယာမှတဆင့် ပြန်လည် ဝါဒဖြန့်ချိလျှက်ရှိသည်။
ယင်းဝါဒဖြန့် မီဒီယာတွင် AA အကြမ်းဖက်အဖွဲ့က သံတွဲ-ဂွ ကားလမ်းမပေါ်မှ ချင်းကွင်း တံတားအား မိုင်းခွဲဖျက်ဆီးသွားသောကြောင့် ဒေသခံများ သွားရေးလာရေးခက်ခဲနေကြောင်း သိရှိရသည်။

ဒေသခံပြည်သူများအနေဖြင့် သံတွဲ၊ ဂွမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က ဒေသခံပြည်သူများ အတိဒုက္ခရောက်အောင်ဆောင်နေမှုများအပေါ် သည်းမခံနိုင်ကြတော့ဘဲ တပ်မတော်အနေဖြင့် ပြတ်သားစွာ ရှင်းလင်းဆောင်ရွက်စေလိုကြောင်းလည်းသိရပါတယ်”ဟု ဖော်ပြထားသည်။
ယင်းမီဒီယာသည် အခြား ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည့် ချင်းကွင်းတံတား ကျိုးကျနေသည့် သတင်းဓာတ်ပုံများကို ဖြတ်ညှပ်ကပ်လုပ်ကာ ခိုးယူသုံးစွဲကာ ဝါဒဖြန့်ထားခြင်းလည်းဖြစ်သည်။
အဆိုပါတံတားကို နေ့စဉ်အသုံးပြုနေရသူတဦးက “အံ့ဩတယ်၊ မျက်နှာပြောင် တိုက်တာမှာတော့၊ သူတို့ထက် အောက်တန်းကျဖို့လူတွေ ရှာလို့မတွေ့နိုင်တော့ဘူး၊ အဲ့နေ့မနက်က ကျမ အစ်မကိုတောင် စစ်တပ်ကထပ်ပြောလိုက်သေးတယ်၊ အကုန်မကျိုးလို့ ထပ်ချိုးဖို့ဆိုပြီး၊ မချိုးရင် လူတွေဖြတ်သွား နေရင် ပြောနေဆိုနေရသေးတယ် ဆိုပြီးတော့” ဟု ဒွါရာဝတီသို့ ပြောသည်။
ကျိန္တလီမြို့နယ်၊ ချင်းကွင်းကျေးရွာတွင် တပ်စွဲကာ အခိုင်အမာ နေရာယူထားသည့် စစ်ကောင်စီတပ် သည် ဇူလိုင် ၂၄ ရက်နေ့က သံတွဲ-ဂွ တခုတည်းသော ကား လမ်းမ ပေါ်ရှိ ချင်းကွင်းတံတားကို မိုင်း ၃လုံးခွဲကာ ဖျက်ဆီးခဲ့သည်။ တံတားမှာ အလုံးစုံ မပျက်စီးဟုဆိုကာ ၂၆ရက်နေ့တွင် ထပ်မံ၍ အင်အားပြင်းမိုင်းများသုံးကာ ထပ်မံဖျက်ဆီးခဲ့ရာ သံတွဲဘက်အခြမ်း တံတား အကန့်မှာ ပြိုကျပျက်စီး သွားခဲ့ပြီဖြစ်သည်။
“ပထမညက မိုင်း ၃လုံးနဲ့ခွဲတာ သူတို့ ပျက်စီးစေချင်သလောက် မပျက်လို့ဆိုပြီး နောက်နေ့ ပိုအားပြင်းတဲ့ မိုင်းသုံးဖို့ကြောင့် နှလုံးရောဂါရှိသူ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိရင် နေရာရွှေ့နေပေးဖို့ တံတားနားက အပိုင်းကို စစ်တပ်က သတိပေးတယ်၊ နောက်နေ့ ထပ်ခွဲတာ သံတွဲဘက်အခြမ်းအကန့် အကုန်ပြိုကျသွားတယ်” ဟု ကျိန္တလီမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတဦးက ပြောသည်။
ချင်းကွင်းတံတားသည် သံတွဲ-ဂွ-ရန်ကုန် အဝေးပြေးကားလမ်းပေါ်တွင်တည်ရှိပြီး သံတွဲတောင်ဘက် ၃၅မိုင်ခန့်အကွာတွင်ရှိသည်။ စစ်ဘေးရှောင်ပြည်သူများမဖြစ်မနေအသုံးပြရသည့် တခုတည်းသော ထွက်ပေါက်တွင်တည်ရှိသည်။
ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းကြောင့် ဒေသတွင်းပြည်သူများ ကုန်စည်စီးဆင်းမှုနှင့် စားနပ်ရိက္ခာ ပြတ်တောက်မှု၊ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲပေါင်းများနှင့် ရင်ဆိုင်နေရသည်။
“အခု လူတယောက်ကို ကူးတို့ခ ၃ထောင်ပေးပြီး လှေနဲ့ ကူးနေကြရတယ်၊ မနေ့က ကျနော့သူငယ်ချင်း ဆိုင်ကယ်ရော၊ လူရော ကူးတာ လှေခ ၇သောင်းပေးရတယ်လို့ ပြောတယ် ” ဟု ဂွမြို့နယ်အတွင်း ခေတ္တရောက်ရှိနေသည့် စစ်ရှောင်ပြည်သူတဦးက ဒွါရာဝတီသို့ ပြောသည်။
ဇူလိုင် တတိယပတ်အတွင်းကလည်း စစ်ကောင်စီသည် သံတွဲမြို့နယ်၊ ဇလွန်-မေရိုးဘေးလမ်းအပိုင်းရှိ ဆင်ဒင်လေးတံတား၊ သရက်ပင်ကွင်းတံတား၊ အုန်းပင်ဝတံတားနှင့် မြို့ချောင်း တံတားတို့ကို အသီးသီး မိုင်းခွဲဖျက်ဆီးခဲ့သည်။
ရခိုင်ပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ယခုကဲ့သို့ ပြည်သူပိုင် ကတ္တရာလမ်းများ၊ ချောင်းကူးတံတားများ ရရှိနိုင်ရန်အတွက် မျိုးဆက်နှင့်ချီကာ အချိန်ကာလ စောင့်ဆိုင်းခဲ့ရသည် ပြည်နယ်ဖြစ်သည်။