သံတွဲ၊ ဇူလိုင် ၂၆၊ ၂၀၂၄။
ငပလီကမ်းခြေတောင်ဘက်စွန်းရှိ စစ်ကောင်စီတပ်အထိုင်ချထားရာ ဂျိတ္တောရပ်ကွက်မှ စစ်ကောင်စီ တပ်သားအချို့ မနေ့ညပိုင်းတွင် လှေနှင့်ထွက်ပြေးသွားကြပြီး၊ ယနေ့နေ့လည် ၂နာရီဝန်ကျင်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ကာ လေကြောင်းဗုံးကြဲမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“မနေ့ညကမှောင်ခါနီးမှာ ကမ်းနားက စစ်သားအစိတ်လောက် လှေနဲ့ပြေးကြတယ်၊ သူတို့ ကွမ်းဝိုင်းရေတပ်ဘက်ကိုတော့ မပြေးဘူး၊ အဲ့ဘက်ကိုပြေးရင် အထက်က ပစ်သ-တ်ခိုင်းထားတယ်လို့ ကြားတယ် ” ဟု ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ထို့ပြင် ငပလီကမ်းခြေတွင် စစ်ကောင်စီအထိုင်ချထားသည့် နောက်ဆုံးရပ်ကွက်တခုဖြစ်သည့် ဂျိတ္တောရပ်ကွက် အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ ညနေ ၅နာရီဝန်းကျင်တွင် သင်္ချိုင်းအနောက်တောင်ကုန်းသို့ လေကြောင်းမှ ၂ကြိမ် ဗုံးကြဲသွားသည်ဟု သိရကြောင်း ဂျိတ္တောရပ်ကွက်နေ မိသားစုဝင်နှင့် အဆက်အသွယ်ရခဲ့သည့် စစ်ရှောင်ဒေသခံတဦးက ပြောသည်။
“ရွာထဲမှာ နေ့ခင်း ၂နာရီလောက်ကနေ ညနေကထိ ဖြစ်နေတုန်းလို့ပြောတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေတယ်၊ ကန်ဇောင်းတောင်ကုန်းက အဘိုးကြီးတယောက်တော့ လက်နက်ကြီးထိလို့ အူတွေထွက်သေတယ်လို့ ပြောတယ်”
အာရက္ခတပ်တော်(အေအေ)၏ ထိုးစစ်ဆင်တိုက်ပွဲများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ တပ်သား များသည် ထိခိုက်ဒဏ်ရာများရရှိကာ ဂျိတ္တောရပ်ကွက်ရှိ ပုလဲစာသင်တိုက်၊ အပါအဝင် ရပ်ကွက်တွင်းရှိ နေအိမ်နှင့် အဆောက်အအုံများတွင် ခိုလှုံနေကြကြောင်း သိရသည်။
ငပလီကမ်းခြေတိုက်ပွဲများသည် ဇွန်လ ၂ရက်တွင် ငပလီကမ်းခြေမြောက်ဘက်ဆုံးရပ်ကွက်ဖြစ်သည့် ဂေါ့ရပ်ကွက်တွင် စတင်ခဲ့ပြီး၊ စစ်ကောင်စီသည် မဇင်လေဆိပ်၊ ခမရ ၅၆၆၊ ခလရ ၅၅နှင့် အဏ္ဏဝါ ရိပ်သာတို့ကို ဆက်တိုက် လက်လွှတ်ဆုံးရှုံးထားရကာ ယခု ၂လကျော်အကြာကာလတွင် တောင်ဘက် စွန်း ရပ်ကွက်သို့ ရောက်ရှိလာခဲ့ခြင်းသည်။
ဂျိတ္တောရပ်ကွက်အတွင်း ဇူလိုင်လအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲသည် ငပလီကမ်းခြေမြို့၏ နောက်ဆုံးလက်ကျန်တိုက်ပွဲဟု ဆိုနိုင်သည်။
စစ်ကောင်စီသည် ငပလီကမ်းခြေတိုက်ပွဲများအတွင်း မြေပြင်တိုက်ခိုက်ရေးမကျွမ်းကျင်သည့် ရေတပ်သားများကို ထည့်သွင်းအသုံးချခဲ့သည်။ စစ်စခန်းများလက်လွှတ်ဆုံးရှုံးနေရချိန်တွင် မြေပြင်စစ်သားများက ရေတပ်မှ တပ်ရင်းမှူးအား ၎င်းတို့အား အထက်အမိန့်ဖြင့် တပ်ရင်းသို့ ပြန်လည်ခေါ်ပေးရန် အသိပေးခဲ့သော်လည်း အငြင်းခံရသည့်အတွက် စိတ်ဓာတ်ရေးရာ ကျဆင်း လျှက်ရှိကြောင်း စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ထို့ပြင် သံတွဲတိုက်ပွဲနှင့် ငပလီတိုက်ပွဲများအတွင် စစ်ကောင်စီတပ်သားများသည် အစုလိုက်အဖွဲ့လိုက် လက်နက်စွန့်ထွက်ပြေးခြင်းများလည်း အဆက်မပြတ်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ငပလီကမ်းခြေနှင့် ကွမ်းဝိုင်းရေတပ်စခန်းသို့ ဝင်ရောက်နိုင်မည့် တခါတည်းသော ကားလမ်းမပေါ်ရှိ ကျေးရွာချင်းဆက်တံတားများကို ဇူလိုင်တတိယပတ်အတွင်း မိုင်းခွဲဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ- လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ငပလီကမ်းခြေ၏ တောင်ဘက်စွန်း
ဂျိတ္တောရပ်ကွက်ဖောင်ဆိပ်အနီးသို့ မဒေးတောင်ပေါ်မှ လှမ်းမြင်နေရပုံ။