မနေ့ညက ၂ပေခန့်ကျသွားသည့် တောင်ကုတ်ချောင်းရေ ပြန်တက်လာ
တောင်ကုတ်၊ ဇူလိုင် ၂၆၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အမြင့်ပိုင်းနေရာအချို့ နှင့် စစ်ဘေးရှောင်များ ခိုကိုးနေရသည့် ကျေးရွာများတွင် မနေ့က ညပိုင်းတွင် ၂ ပေခန့် ရေကျခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ၁ပေခန့် ပြန်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်မက်ဖြစ်ပွားခြင်း၊ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်ခြင်း၊ ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများ ထပ်မံကြုံတွေ့ နေကြရရာ ဒေသခံအချင်းချင်း ကူညီ ကယ်ဆယ်ရေးများကိုပင် ဆောင်ရွက်ရန်ခက်ခဲလာပြီး စစ်ဘေး ရှောင် ဒေသခံများနှင့် အခက်အခဲမျိုးစုံကြောင့် စစ်မရှောင်နိုင်သည့် ဒေသခံများ ပိုမိုခက်ခဲစွာ ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။
“ဝါကြီးမ(အဘွား)တို့ကို ကူပါဦး၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဖြစ်နေယာ(ပြီ)” ဟု တောင်ကုတ်မြို့ အနီး ကျေးရွာတခုတွင် စစ်ဘေးရှောင်နေသည့် အသက် ၇၀ အရွယ် အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မိုးဆက်တိုက် သဲသဲမည်းမည်း ရွာသွန်းနေဆဲဖြစ်ပြီး ရေကျသွားသည့် အချို့ အမြင့်ပိုင်းရပ်ကွက်များတွင် တင်ကျန်နေသည့် နုန်းများအား ရှင်းလင်းနေရကြောင်း၊ မြို့တွင်း ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရှိရ သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မနေ့က နံနက်ပိုင်းက စတင်ကာ ရေကြီးရေလျှံမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်း တို့ကြောင့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် ညဈေးအနီး ဝိသုဒ္ဓါရုံကျောင်းတိုက် အရှေ့ရှိ နှစ်ချို့ ကုက္ကိုလ်ပင် လဲပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၂၆ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် တိုင်းထွာချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မေယုမြစ်၊ စိုင်တင်မြစ်များတွင် လိမ္မော်ရောင်သတိပေးချက် (Warning) ဖြစ်လာသည်ကို တွေ့ရှိရ ကြောင်း မိုးလေဝသနှင့် ဇလဗေဒပပညာရှင် ဦးဝင်းနိုင်က သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြသည်။
ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပွားသည့် အားအလွန်ကြီးသော တိုင်ဖွန်းမုန်တိုင်း GAEMI အရှိန်ကြောင့် အနောက်လေစီးကြောင်းအားကောင်းပြီး အနောက်တောင်မုတ်သုံလေ ဆက်လက်အားကောင်း လျက်ရှိခြင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်ခြင်း စသည်တို့၏ အရှိန်များကြောင့် ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။
လေဖိအားနည်းရပ်ဝန်းများကြောင့် မြစ်ရေမြင့်တက်နေတဲ့ ဒေသများတွင် နောက်ထပ် ၃ ရက်အတွင်း မိုးသည်းထန်မှု ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဇူလိုင်လ ၂၆ ရက် နံနက် ၁၁ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးဝင်းနိုင်က သူ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် နေရာအနှံ့အပြားမိုးဆက်လက်ရွာသွန်းနေနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းများတွင် ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အတွင်း ဒေသအလိုက် မိုးရေချိန် ၅၀ မီလီမီတာ (၂ လက်မ ခန့်) မှ ၂၂၀ မီလီမီတာ (၉ လက်မခန့်) အထိ မိုးရွာသွန်းနိုင်၍ သတိရှိရှိဖြင့် ဆက်လက်ရင်ဆိုင်သွားကြရန် ဦးဝင်းနိုင်က သတိပေးဖော်ပြထားသည်။
ပုံစာ- တောင်ကုတ်မြို့ပေါ် ရေကျသွားသည့်နေရာအချို့ မြင်ကွင်း