BattleNews

ကျိန္တလီမြို့အနီးက ချင်းကွင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ကျိန္တလီ၊ ဇူလိုင် ၂၄၊ ၂၀၂၄။

ရခိုင်ပြည်တောင်ပိုင်း၊ ကျိန္တလီမြို့အနီးရှိ ချောင်းကူးတံတားတစ်စင်းဖြစ်သော ချင်းကွင်းတံတားကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့၊ ငပလီမြို့များကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံတပ်များသည် သံတွဲမြို့တောင်ဘက်ရှိ ကျိန္တလီနှင့် ဂွမြို့နယ်များဘက်သို့ ဆုတ်ခွာပြီး ခံစစ်ပြင်ဆင်မှုများဆောင်ရွက်နေ သည့်အချိန်၌ ယခုကဲ့သို့ ကျိန္တလီမြို့အနီးရှိ ချင်းကွင်းကျေးရွာမှ တံတားကို ဇူလိုင် ၂၄ ရက် ယနေ့ ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုံစာ-စစ်တပ်ကဖျက်ဆီးခဲ့သည့်ချင်းကွင်းတံတား။

သံတွဲ-ကျိန္တလီ-ဂွ ကားလမ်းမပေါ်ရှိ အဆိုပါတံတားကို စစ်တပ်ကဖျက်ဆီးလိုက်သည့်အတွက် စစ်ဘေးရှောင် ပြည်သူများ၊ ကျန်းမာရေးမကောင်းသူများသွားလာရေးအတွက် အခက်အခဲဖြစ်မည်ကို ဒေသခံများက ပူပန်စိုးရိမ်လျက်ရှိကြသည်။

“သံတွဲဘက်ကလာရင် ပုန်းညှက်ရွာအလွန်က တံတားချိုးတယ်ဆိုတော့ စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ စားနပ်ရိက္ခာ ငါတို့ဘယ်လိုသယ်ရတော့မလဲ” ဟု ဒေသခံတစ်ဦးက သူ၏ဖေ့ဘွတ်စာမျက်နှာတွင် တင်ထား သည်ကို တွေ့ရသည်။

ဇူလိုင်လ ၁၉ ရက်တွင်လည်း သံတွဲမြို့တောင်ဘက် ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းပေါ်ရှိ ကျေးရွာချင်း ဆက်တံတားများကို စစ်ကောင်စီလက်အောက်ခံတပ်များက မိုင်းခွဲဖျက်ဆီးလိုက်ကြသေးသည်။

ပုံစာ-စစ်ကောင်စီမိုင်ခွဲဖျက်ဆီးခဲ့သည့်ဆင်ဒင်ကလေးတံတား။

သို့ဖြင့်၍ ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းမပေါ်ရှိ ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတား၊ သရပ်ပင်ကွင်းကျေးရွာရှိ သရက်ပင်ကွင်းတံတားနှင့် ဆင်ဒင်ကြီးရွာအနီးမှ ဝင်ရသည့် အုန်းပင်ဝအမည်ရ ပင်လယ်ကမ်းနားရွာရှိ တံတားများ စစ်တပ်၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည်။

သံတွဲမြို့ရှိ နံတော်တောင်တံတားကိုလည်း စစ်ကောင်စီလက်အောက်ခံတပ်များက ဖျက်ဆီးရန် မိုင်းများထောင် ထားခဲ့စဉ် အာရက္ခတပ်တော်(အေအေ)က အချိန်မီရှင်းလင်းနိုင်ခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက် ရက်တွင် စစ်ကောင်စီတပ်များသည် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီး ရှိ “မအီတံတား” နှင့် မအီ-ကျောက်ဖြူ ကားလမ်းမပေါ်တွင်ရှိသော “ကျောက်ကြီးပေါက်တံတား” တို့ကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြသေးသည်။

ပုံစာ- စစ်ကောင်စီဖျက်ဆီးခဲ့သည့် မအီတံတား။

ပုံစာ- စစ်ကောင်စီဖျက်ဆီးခဲ့သည့် မအီတံတား၊ ကျောက်ကြီးပေါက်ချောင်းတံတားနှင့် စစ်တပ်က မိုင်းထောင်ခဲ့ သည့် သံတွဲမြို့က နံတော်တောင်တံတား။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button