BattleNews

စစ်ကောင်စီ၏ လက်နက်ကြီးရန်ကြောင့် အဘဲကျေးရွာတွင် အရပ်သားသေဆုံး ၅ဦးထိရှိလာ

သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။

ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် သံတွဲမြို့နယ်၊ အဘဲကျေးရွာတွင် ကလေးငယ် ၁ဦးအပါအဝင် အမျိုးသမီး ၂ဦးထပ်မံသေဆုံးခဲ့ပြီး၊ စုစုပေါင်း ၅ဦး သေဆုံးခဲ့ကြောင်း ရွာနှင့် အဆက်အသွယ်ရသည့် အဝေးရောက်ဒေသခံများက ဒွါရာဝတီသို့ ပြောသည်။

“အဘဲတောင်စောင့် ကိုကျော်ကျော်ရဲ့သားက သူ့အမေကောက်စိုက်နေတာမှာ ပျိုးပင်ကူသယ်ပေးနေတာ၊ ကျည်က ဗိုက်ကိုဖောက်ပြီး နောက်ကျောက ထွက်ပြီး ပွဲချင်းပြီးလို့ ပြောတယ်”ဟု အဝေးရောက် အဘဲကျေးရွာ ဒေသခံတဦးက ပြောသည်။

အလားတူ အသက် ၁၈နှစ်ဝန်းကျင်အရွယ် အမျိုးသမီးငယ်တဦးနှင့် နောက်ထပ် အမျိုးသမီးတဦး ထပ်မံ သေဆုံးခဲ့ကြောင်းသိရသည်။ ဒွါရာဝတီ၏ ကနဦးရရှိသော ရှေ့ကသတင်းတွင် သေဆုံးသူမှာ ၂ဦးဟုသာ ဖော်ပြခဲ့သည်။

“စုစုပေါင်းဆိုရင် စစ်ရှောင် ၁ယောက်နဲ့ ရွာခံ ၄ယောက်ပါ”ဟု နောက်ထပ် အဝေးရောက် အဘဲရွာသားတဦးက ရွာနှင့်အဆက်အသွယ်ရယူအတည်ပြုကာ ပြန်လည်ပြောပြသည်။

ထို့ပြင် အဘဲကျေးရွာနှင့် တချိန်တည်းတွင် သံတွဲမြို့တောင်ဘက် ၈မိုင်ဝန်းကျင်အကွာရှိ မဲနယ်ကွင်း ကျေးရွာစာသင်ကျောင်းအနီးဝန်းကျင်သို့ လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။

မြေပြင်တိုက်ပွဲများတွင် အာရက္ခတပ်တော်၏ ထိုးစစ်ကို အရှုံးဖွင့် ခုခံနေရသည့် စစ်ကောင်စီသည် လူနေကျေးရွာများသို့ လက်နက်ကြီးများ၊ လေကြောင်းဗုံးကြဲမှုများကို မပြတ်ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုစာရင်းမှာ တိုးလာလျှက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် စစ်ကောင်စီရေတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး၊ ကျရောက်ပေါက်ကွဲသံများလည်းကြားနေရကြောင်း၊ တိုက်ပွဲများဖြစ်ပွားနေသည့် ငပလီကမ်းခြေ၊ လင်းသာရပ်ကွက်ဝန်းကျင်အနီးတဝိုက်သို့ တနေကုန်ပစ်ခတ်နေကြောင်း ဒေသခံတဦးထံမှ သတင်းရရှိသည်။

တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီလလယ်မှစတင်ကာ ယခုဇူလိုင်လအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းများ လက်လွတ်စပါယ်ထောင်မှုများကြောင့် သေဆုံးရသူအရပ်သား ရာဂဏာန်းဝန်းကျင်ထိ ရှိလာနေပြီဖြစ်သည်။

အလားတူ သာသနိက အဆောက်အအုံများ၊ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ လူနေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးလျှက်ရှိသည်။

ဓာတ်ပုံ- ဒေသခံများ။

ပုံစာ- ဇွန်လအတွင်းက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးခဲ့ရသည့် ရွှေကျောင်းပြင်ကျေးရွာက ပျက်စီးခဲ့ရသည့် ပြည်သူတို့၏ နေအိမ်တလုံး။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button