
သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။
အောရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေ မြပြင် ဟိုတယ်ဇုန်တွင် အရပ်သားအချို့ အလောင်း ၇လောင်း တွေ့ ရှိခဲ့ကြောင်း ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ယခုလက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မြပြင်ကမ်းခြေဟိုတယ်ဇုန် အော်ရီယမ်ဟိုတယ်နှင့် ကျောက်စိမ်းနဂါး ဟိုတယ်အနီးကမ်းခြေအနီးတွင် လွန်ခဲ့သည့် ၃ရက်က မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး၊ အလောင်းကောက်ယူရန်ပင်ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
“အလောင်းတွေကရုပ်တအားပျက်နေပြီ၊ တယောက်ဆို ခြေထောက်တွေနဲ့ လက်တွေကို ကြိုးတုတ်ထားတယ်၊ ဂျိတ္တော ငှက်ပျောကြော်ကုန်းမှာ နေတဲ့သူတွေပါတယ်၊ မြပြင်ကသူတွေပါတယ်၊ မိသားစုနဲ့ အဆက်အသွယ်မရဘဲ လူမသိသူမသိ သေနေတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
အချို့က စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်သွားသူများဖြစ်ပြီး၊ အသက် ၄၀ ဝန်းကျင် အမျိုးသားများဖြစ်ကြောင်း သူက ဆက်ပြောသည်။
“လက်နက်ကြီးကျလို့ သေတာမဟုတ်၊ လမ်းပြခေါ်သွားပြီးမှ သေနတ်နဲ့ အပစ်သ-တ်ခံရတာ” ဟု သူက ပြောသည်။
အလားတူ ငပလီကမ်းခြေမြို့၊ ဂျိတ္တောနှင့် မြပြင်ရပ်ကွက်များတွင် ပျောက်ဆုံးနေသော ဒေသခံအရပ်သားဦးရေ တိုးလာကြောင်းသိရသည်။
တိုက်ပွဲများကြောင့် စစ်ဘေးမှ တိမ်းရှောင်သွားကြသည့် ဂျိတ္တောဒေသခံ သက်လတ်ပိုင်းလူငယ် ၆ဦးက ပြီးခဲ့တပတ်ဝန်းကျင်က ဂျိတ္တောရပ်ကွက်ရှိ ၎င်းတို့နေအိမ်များသို့ ဆန်နှင့် စားနပ်ရိက္ခာများ ဝင်ရောက်ယူငင်ကြစဉ် မြရတနာရပ်ကွက်(ဆရာမဒေါ်လာအိမ်ရှေ့) စစ်ကောင်စီတပ်က မသင်္ကာမှုဖြင့် လက်ပြန်ကြိုးတုတ်ခေါ်ဆောင်သွားခံရပြီး ယနေ့တိုင် အဆက်အသွယ်မရသေးကြောင်း သိရသည်။
ထို့ပြင် ငပလီကမ်းခြေမြို့၊ မြပြင်ရပ်ကွက်၊ မြရတနာကွက်သစ်မှ အသက် ၂၀ ကျော်အရွယ် ကိုကုလားဆိုသည့် လူငယ်တဦးနှင့် အသက် ၅၀ေကျော်အရွယ် ဦးဒေါင်းပိုအမည်ရ အမျိုးသားတဦးအား ဇူလိုင် ၉ရက်က စစ်ကြောင်းဆင်းလာသော စစ်တပ်က စစ်ဆေးရန်နှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ရာ ယနေ့တိုင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးထံမှသိရသည်။
“ကုလားရဲ့အဖေက တအားအသက်ကြီးနေပြီ၊ သားဇောနဲံ့မစားနိုင်၊ မသောက်နိုင်ဖြစ်နေတယ်၊ ဦးဒေါင်းပိုမိန်းမက သူ့ယောက်ျား လာဖို့လမ်းကို မျှော်ပြီး ငိုနေတုန်းပဲ ”ဟု သူက ဒွါရာဝတီသို့ ပြောသည်။
ငပလီကမ်းခြေတိုက်ပွဲများစတင်ခဲ့ပြီး ၁လခွဲဝန်းကျင်အကြာတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ရေတပ်နှင့် လေကြောင်းမှ ဗုံးကြဲမှု၊ အနီးကပ် ပစ်သ-တ်မှုများကြောင့် အရပ်သားများ သေဆုံးမှုနှင့် သာသနိကအဆောက်အအုံများအပါအဝင် လူနေအိမ်များ၊ ဟိုတယ်များ ပျက်စီးဆုံးရှုံးလျှက်ရှိသည်။
ဓာတ်ပုံ- ငပလီကမ်းခြေ၊ မြပြင်ဟိုတယ်ဇုန်။ (ပုံဟောင်း)