သံတွဲ၊ ၁၂၊ ဇူလိုင်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ အထင်ကရ ရှေးဟောင်းစေတီ ၃ဆူအနက် ၁ဆူဖြစ်သည့် နံတော်စေတီတည်ရှိရာ တောင်ကုန်းအား ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အတိအကျကို မသိရသေးကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိသည်။
“အစက လေယာဉ်ပျံကို ကြည့်နေတာ၊ ဘုရားတောင်ကို ချမယ်လို့မထင်၊ ကြဲတာကို မြင်လိုက်တော့ ရင်ထဲ နင့်ကနဲဘဲ၊ အခုကြဲတာက ဘုရားကိုတော့ ကျဖို့မထင်၊ တောင်ပေါ်ကိုတော့ ကျတယ်၊ ဒါပေမယ့် တုန်ခါမှုတွေ ကြောင့် စေတီအတွင်းအက်တာတွေဖြစ်နိုင်တယ်၊ အုတ်တွေ၊ ကျောက်သားတွေက ကြာပြီလေ”ဟု စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကို လှမ်းမြင်လိုက်ရသည့် သံတွဲမြို့ခံ တဦးက ဒွါရာဝတီသို့ ပြောသည်။
အခြား ဒေသခံတဦး၏ ပြောကြားချက်အရ ရွှေနံတော်စေတီတောင်ပေါ်ရှိ ရှုခင်းမျှော်စင် ထိခိုက်ပျက်စီးနိုင်ကြောင်းအကြမ်းဖျင်း သိရပြီး အသေးစိတ်မသိရှိရသေးပေ။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် နံတော်တောင်အနီးတဝိုက်မှ မီးခိုးလုံးများတက်နေသည်ကို မြင်တွေ့ရပြီး၊ မီးလောင်နေသည်ဟု ခန့်မှန်းရကြောင်း အထက်ပါဒေသခံက ယနေ့ နေ့လည်က ဒွါရာဝတီသို့ ပြောသည်။
သံတွဲမြို့တွင် အထင်ကရရှေးဟောင်းစေတီများရှိပြီး ရွှေဆံတော်၊ ရွှေအံတော်နှင့် ရွှေနံတော်စေတီများသည် ပိုမိုထင်ရှားလူသိများသည်။
ဇွန်လနှောင်းပိုင်းက စစ်ကောင်စီက ရွှေနံတော်စေတီ တောင်ခြေရင်းရှိ ရွှေကျောင်းပြင် ကျေးရွာကိုလည်း တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၂ဦးသေဆုံးကာ ၃ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးခဲ့ ဖူးသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် သံတွဲအကျဉ်းထောင်အနီးရှိ FDA ရုံးပေါ်သို့လည်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး အနီးဝန်းကျင်လူနေအိမ်များသို့ လွင့်စင်ခဲ့ကြောင်း သံတွဲ မြို့ပေါ်ရပ်ကွက်မှ ဒေသခံတဦးထံမှ သိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ စစ်စခန်းတွေတခုခုပြီးတခု ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများမရှိသေးသော သံတွဲမြို့ပေါ်နှင့် အနီးတဝိုက်နယ်မြေများကို လေကြောင်းဗုံးကြဲခြင်းများ အဆက်မပြတ်ပြုလုပ်နေပြီး အရပ်သားများ သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရခြင်းများ မြင့်တက်လျှက်ရှိသည်။
အလားတူ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးနေရသည်။
ဓာတ်ပုံ- သံတွဲမြို့၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရွှေနံတော်စေတီအား ရှုခင်းမျှော်စင်ပေါ်မှ ဖူးတွေ့ရစဉ်။ (ပုံဟောင်း)