တောင်ကုတ်၊ စက်တင်ဘာ ၅၊ ၂၀၂၄။
ရခိုင်ပြည်၊ တောင်ကုတ်မြို့၏ အနောက်ဘက်ရှိ ခေါင်းလောင်းတူရွာနှင့် မြို့၏ မြောက်ဘက်ရှိ မီးချောင်းထိုး ကျေးရွာဘက်သို့ စက်တင်ဘာ ၅ ရက် ယခုည ၈ နာရီအချိန်ခန့်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံတပ် များက ဒရုန်းဗုံးများဖြင့် ဆက်တိုက် ဗုံးကြဲချနေကြောင်း တောင်ကုတ်မြို့ဒေသခံ တစ်ဦးက ည ၉ နာရီ ကျော်ခန့်က ဒွါရာဝတီသို့ ပြောသည်။
“ဒရုန်းနဲ့ဆက်တိုက်ကြဲနေတာ ခုထိ ၈ ကြိမ်ရှိပြီ၊ ဒီညတော့ အိပ်ရတော့မယ် မထင်ဘူး” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်အတွင်းပျက်စီးခဲ့သည့် အပျက်အစီးများ။ (ယခင်ပုံ)
ယခုည ၁၀ နာရီခန့်တွင် တောင်ကုတ်တက္ကသိုလ်အတွင်းရှိ လက်နက်ကြီးအထိုင်စခန်းများဘက်မှ လက်နက်ကြီး ပစ်သံများလည်း ကြားနေရသဖြင့် ကျေးရွာများမှ ဒေသခံ ဆွေမျိုးများအတွက် စိုးရိမ်မိကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ဆိုသည်။
တောင်ကုတ်တက္ကသိုလ်၏ အရှေ့ဘက်တွင် မီးချောင်းထိုးကျေးရွာရှိသဖြင့် ထိုကျေးရွာသို့ပစ်ခတ်သည်ဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။
မီးချောင်းထိုးရွာနှင့် ခေါင်းလောင်းတူရွာသည် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိသဖြင့် ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ပစ်ခတ်နေသည်ဟု ဒေသခံများကဆိုသော်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝိုင်း၏ပြောကြားချက်အရ အဆိုပါ ကျေးရွာများဘက်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် သံတွဲမြို့နယ်အတွင်းက လူနေအိမ်များ။
တောင်ကုတ်-ပန်းတောင်း ရိုးမဖြတ်ကျော်လမ်းကြောတွင် စက်တင်ဘာ ၄ ရက်က တနေ့လုံး တိုက်ပွဲပြင်းထန် လျက်ရှိပြီး ၅ ရက်တွင်လည်း တိုက်ပွဲတွေပြင်းထန်နေကြောင်း၊ စစ်ကောင်စီက တိုက်ပွဲ ပြင်းထန်နေ၍ တောင်ကုတ်တက္ကသိုလ်နှင့်နီးသည့် တိမ်းချောင်းဖျားဘက်တွင် လေယာဥ်ဖြင့် ဗုံးကြဲမှုများရှိနေကြောင်း၊ တောင်ကုတ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် သတင်းများကို အမြဲတမ်းနားစွင့်နေရန်လိုကြောင်း တောင်ကုတ်မြို့၏ လူမှုကွန်ယက်စာမျက်နှာ တခုတွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။
တောင်ကုတ်မြို့ လူမှုကွန်ယက်စာမျက်နှာများတွင် စစ်ကောင်စီတပ်က ဝါဒဖြန့်မှု မျိုးစုံကို ယခုရက်ပိုင်းအတွင်း ပြုလုပ်လျက်ရှိကြောင်း၊ စစ်ရေးအာရုံစိုက်မှု လျော့ကျစေရန်နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ကာ ရေးသားနေသည်များကိုလည်း တွေ့နေရကြောင်း ဒေသခံများကပြောသည်။
စစ်တပ်၏ လက်ချက်ဖြင့် ပျက်စီးသွားသည့် ကျိန္တလီမြို့နယ်အတွင်းက ဘုန်းကြီးကျောင်း။
တောင်ကုတ်မြို့ခံများစုရှိရာ ဖေ့ဘွတ်စာမျက်နှာတွင် ယင်းကဲ့သို့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမည့် သွေးထိုးလှုံ့ဆော်မှု၊ ဝါဒဖြန့်မှု ပြုလုပ်နေသူများကို ဖေ့ဘွတ်မှာ ဝိုင်းဝန်းဖယ်ရှားရန်( ဘလော့ရန်)နှင့် ၎င်းတို့၏သွေးထိုးလှုပ်ဆော်မှုများကို အေးဆေးစွာဖြေရှင်းကိုင်တွယ်ကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ မိုးလင်းဝါနှင့် ညစဉ် ရက်ဆက် လေကြောင်းဗုံးကြဲသံ၊ လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေကြရသည်မှာ ရက်သတ္တပတ် တလျှောက်လုံးဖြစ်နေကြောင်း ဒေသခံများကပြောသည်။