
ဂွ၊ စက်တင်ဘာ ၆၊ ၂၀၂၄။
စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို ယမန်နေ့က စတင်ကာ တရွာနှင့် တရွာ ကူးလူးသွားလာခွင့် ကန့်သတ်လိုက်ပြီး၊ ဆန်သယ်ယူခွင့်လည်း ပိတ်ထားခြင်းကြောင့် ဒေသခံများ ဆန်ပြတ်လတ်ကာ စားသောက်ရေးအခက်အခဲများ ကြုံတွေနေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
“ရွာနဲ့အဆက်အသွယ်ရတယ်၊ မနေ့ကစပြီး ရွာကနေ ဘယ်မှမထွက်ရဆိုပြီး တားမြစ်ခံထားရတယ်၊ ဟိုဘက်ရွာ ဒီဘက်ရွာ သွားလို့ မရတော့ အဓိက စားသောက်ရေး တအားခက်ခဲနေကြတယ်၊ ဆန်နဲ့ဆီက ဝယ်လို့မရ၊ သယ်လို့မရဘူး၊ တချို့ရွာတွေမှာ ဆန်ပြတ်ကုန်ကြပြီ” ဟု ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာနှင့် အဆက်အသွယ် ရရှိခဲ့သူတဦးက ဒွါရာဝတီသို့ပြောသည်။
စက်တင်ဘာ ၅ ရက်က စတင်ပြီး ဂွမြို့နယ်၊ ကြွေချိုင်၊ တိုင်ကျိုး စသည့် ကျေးရွာများတွင် တရွာနှင့်တရွာ ဖြတ်သန်းသွားလာခွင့်များ ပိတ်လိုက်ပြီး၊ ဆန်နှင့်အခြေခံစားသောက်ကုန်များကို မှောင်ခိုဆန်ဆန် သယ်ဆောင်နေကြရကြောင်း သိရသည်။
ဩဂုတ်လကတည်းက ကြွေချိုင်ကျေးရွာတွင် လက်နက်ကြီးအထိုင်ချထားသည့် စစ်ကောင်စီတပ်သည် ကြွေချိုင်တံတားမှ ပိတ်ကာ ကုန်ပစ္စည်းသယ်ယူသူများထံမှ ဆိုင်ကယ်တစီးလျှင် ငွေကျပ် ၁ သောင်းစီ ဆက်ကြေးကောက်လျှက်ရှိကာ၊ ဆန် ၁၀ ပြည်ထက် ပိုမိုသယ်ဆောင်ခွင့်မပြုကြောင်း ကန့်သတ်ခဲ့သည်။
ယခုလက်ရှိတွင်မူ တရွာနှင့်တရွာ ဖြတ်သန်းသွားလာခွင့်ကိုပါ စတင်ကန့်သတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံများနှင့်နီးစပ်သည့် အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်၍ “ရွာကို ပိုက်ဆံလည်းလွှဲမရ၊ အလုပ်လည်းလုပ် စရာမရှိ၊ ပင်လယ်လည်း မဆင်းရ၊ တောထဲလည်း မသွားရ၊ ရွာက အိမ်ထဲမှာပဲ တနေ့တနေ့ ဒီတိုင်း ငုတ်တုတ် ထိုင်နေကြရတာ” ဟု ပြောသည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့သည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အစပ်ရှိ ကျိန္တလီမြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်နေသည်မှာ ၁ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကျိန္တလီမြို့ပေါ်တိုက်ပွဲများသည် ဩဂုတ် ၁၀ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကျိန္တလီမြို့ပြင် ၅ မိုင်ဝန်း ကျင်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။
#ရခိုင် #ကြွေချိုင် #ဆန် #ကျိန္တလီ