ဂွ၊ စက်တင်ဘာ၊ ၉၊ ၂၀၂၄။
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်သားများ လက်နက်စွန့်ကာ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။
ကျိန္တလီမြို့နယ်၊ ရတနာမြိုင်ကျေးရွာမှ ၉ဦးနှင့် ဂွမြို့၊ မင်းတောင် ဘုရားကုန်းပေါ်တွင် အထိုင်ချထား သည့် စစ်ကောင်စီတပ်သား ၈ဦးဝန်းကျင် လက်နက်စွန့်ကာ ထွက်ပြေးနေကြပြီး၊ စစ်တပ်က အပူတပြင်း လိုက်လံရှာဖွေကာ ပစ်ခတ်ခြင်းများပြုလုပ်နေသည်ဟု သိရကြောင်း မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သည့် စစ်ဘေးရှောင်တဦးက ဒွါရာဝတီသို့ ပြောသည်။
“စစ်မှုထမ်းဥပဒေနဲ့ ပါလာတဲ့ ကလေးတွေများတယ်၊ လမ်းမေးပြီး လမ်းအတိုင်း ရွာစုန်ပြေးလိုက်၊ ပြန်မိလိုက်နဲ့၊ အရင်ပြေးတဲ့ကောင်တွေကတော့ ပြန်မိပြီး သတ်ပစ်တာတော်တော်များနေပြီလို့ သိရတယ်၊ ဒေါင်းချောင်းမှာ ပြေးတဲ့စစ်သားတွေကို တောနင်းရှာနေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
စစ်ကောင်စီ၏ အတင်းအဓမ္မစုဆောင်းခြင်းခံထားရသည့် စစ်မှုထမ်းတပ်သားသစ်များ။
ဂွမြို့နယ်၊ ကျိန္တလီမြို့ပြင် ၅မိုင်ခန့်အကွာရှိ ကံကော်တောင်ကျေးရွာတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ယခုလဆန်းပိုင်းအတွင် ခေတ္တငြိမ်သက်နေရာမှ စက်တက်ဘာ ၅ရက်နေ့မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများပြန်လည်ကြားလာရကြောင်း ဒေသခံတဦးက ပြောသည်။
“ပြီးခဲ့တဲ့ ၂ရက်အထိ သေနတ်သံတွေရော၊ လက်နက်ကြီးသံတွေရော ကြားတယ်၊ လက်နက်ကြီး တညလုံးပစ်တယ်၊ ဒီနေ့တော့ လက်နက်ကြီးသံပဲကြားရတော့တယ်၊ သေနတ်သံတွေ သိပ်မကြားရ၊ အခြေအနေကြည့်နေရတယ်၊ ပြေးနိုင်အောင်အထုတ်တွေတော့ အသင့်ထုတ်ထားတယ်” ဟု တိုက်ပွဲ ဖြစ်ပွားသံများကို ကြားနေရသည့် ဒေသခံတဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
စစ်ကောင်စီသည် ဇွန်လနှင့် ဇူလိုင်လတွင် ပြင်းထန်ခဲ့ကြသည့် ငပလီကမ်းခြေမြို့နှင့် သံတွဲမြို့တိုက်ပွဲ များတွင် သင်တန်းဆင်းတပ်သားသစ်များကို အသုံးချခဲ့ပြီး၊ ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ်၊ ဂွမြို့သို့လည်းကောင်း၊ ဂွမြို့မှ ရေလမ်းဖြင့် သံတွဲဒေသသို့လည်းကောင်း စစ်သားအင်အား ဖြည့်တင်း ခဲ့သည်။
“ရွာသားတွေကို ဆန္ဒမပါဘဲ မဲနှိုက်ပြီး ၁ရွာကို ၂ယောက်ခေါ်ပြီး စစ်သင်တန်း ၁လ၊ ၂လ ပေးပြီး ရှေ့တန်းလွှတ်တယ်၊ အခုရခိုင်ဘက်မှာ စစ်မှုထမ်းနေရတဲ့ အရပ်သားတချို့နဲ့ ၆လကျော်တဲ့အထိ အဆက်အသွယ်မရပါ၊ စစ်ပြေးတချို့ဆီက သတင်းသိရတာက သေတယ်ဆိုပြီး သိရတယ်၊ သေတာမှန်လားဆိုတာ စုံစမ်းပေးတာ၊ မိသားစုဝင်တွေကို ခေါ်ပြောတာမျိုးလည်းမရှိဘူး” ဟု ဧရာဝတီတိုင်းမှ ဒေသခံ အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီ၏ အတင်းအဓမ္မစုဆောင်းခြင်းခံထားရသည့် စစ်မှုထမ်းတပ်သားသစ်များ။
သံတွဲမြို့နယ်တခုလုံးရှိ စစ်စခန်းများကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ဂွမြို့နယ် အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို ဘေးလွတ်ရာသို့ စစ်မရှောင်နိုင်ကြသည့် ဒေသခံ အချို့နှင့် သံတွဲနယ်ဘက်မှ ရောက်ရှိနေသည့် စစ်ဘေးရှောင်များက စိုးရိမ်နေကြကြောင်း ကျိန္တလီမြို့နယ်ခွဲအတွင်းနေထိုင်သည့် ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် လက်နက်ကြီးအထိုင်ချထားသည့် ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာမှ ကျိန္တလီမြို့နယ်ဘက် သို့ ရံဖန်ရံခါ လှမ်းပစ်နေသံများကို ကြားရကြောင်းအမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
ဂွမြို့နယ်၊ ကျိန္တလီမြို့နယ် တိုက်ပွဲများသည် စက်တင်ဘာ ၁၀ရက်နေ့တွင် ၁လတင်းတင်းပြည့်ပြီ ဖြစ်သည်။ ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး၊ ဆေးရုံနှင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ရသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကျိန္တလီဒေသခံ အရပ်သားအများအပြားသေဆုံးခဲ့ရပြီး၊ အင်တာနက်လိုင်းနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက် နေခြင်းကြောင့် အသေးစိတ်အခြေအနေနှင့် အချက်အလက်များကို မသိရှိရပေ။
လက်ရှိတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် ကျိန္တလီမြို့နယ်သည် ဂွမြို့နှင့် သံတွဲမြို့ကြားရှိ လမ်းခုလတ်မြို့ ဖြစ်သည်။ ဂွမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးသလို၊ သံတွဲမြို့နှင့်လည်း မိုင် ၄၀ကျော်အကွာတွင် ရှိသည်။