မောင်တော၊ စက်တင်ဘာ ၁၃၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့၊ ၄ မိုင် (နခခ-၂) စခန်းကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၂ စီးက စက်တင်ဘာ ၉ ရက် ည ၉ နာရီခွဲအချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အာရက္ခတပ်တော်က ဖမ်းဆီးထားသည့် စစ်ကောင်စီ တပ်သားများအပါအဝင် စစ်ကောင်စီနောက်လိုက် စုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၁၀ ရက် အာရက္ခတပ်တော်(အေအေ)က ထုတ်ပြန်သည့် ကြေညာချက်တွင် အထက်ပါတိုင်း ဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်ဗုံးကြဲခြင်းကြောင့် အေအေ က ဖမ်းဆီးထိန်းသိမ်းထားသည့် မောင်တောမြို့ သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်စလင် အကြမ်းဖက်လက်နက်ကိုင်များ၊
စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့သည့် ရမ်းဗြဲမြို့ရှိ ဆေးရုံ။
စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေး(ဒလန်)များ ပါဝင်သည်ဟု သိရသည်။
ထို့အပြင် ULA/AA အဖွဲအစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်မှဖြင့် ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယ အမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူတချို့အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၀) ကျော် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်ဟု အေအေက ဆိုသည်။
ထိခိုက်ဒဏ်ရာရသူများစွာကို အာရက္ခတပ်တော်က ဆေးဝါးကုသပေးလျက်ရှိသည့် ရုပ်သံမှတ်တမ်းများကိုလည်း အေအေက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ (၂) အား ပစ်ခတ်တိုက်ခိုက်မှု မတိုင်ခင် ည (၈) နာရီ (၂၀) မိနစ် နှင့် (၈) နာရီ (၂၃) မိနစ်တို့တွင်လည်း မောင်တောမြို့ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံ တို့အား ဂျက်လေယာဉ် (၁) စီးဖြင့် ဦးစွာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
စစ်တပ်က ဖျက်ဆီးခဲ့သည့် ရမ်းဗြဲမြို့ရှိ အပျက်အစီးများ။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို လုပ်ဆောင်လျက်ရှိရာ လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းတို စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်း အန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် အာရက္ခတပ်တော်(အေအေ) သတင်းထုတ်ပြန်သည်။