BattleNews

ယခုလဒုတိယပတ်အတွင်း ဂွမြို့နယ်သို့ စစ်ကောင်စီက စစ်အင်အားထပ်မံဖြည့်တင်း

ဒွါရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၄။

ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းသို့ ငါးသိုင်းချောင်း-ဂွ တောင်ကြားလမ်းကို အသုံးပြုကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဂွရိုးပေါ်မှာ စစ်ကား ၇ စီး (ရခိုင်ဘက်)ဆင်းလာတာတွေ့တယ်၊ အင်အားများတယ်” ဟု ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းတွင် လွန်ခဲ့သည့် ၂ ရက်က ကိုယ်တိုင် မြင်တွေ့ခဲ့သူတဦးက ဒွါရာဝတီသို့ ပြောသည်။

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်သားများ လက်နက်စွန့်ကာ ထွက်ပြေးနေကြကြောင်း စက်တင်ဘာပထမပတ်အတွင်း ဒွါရာဝတီသတင်းဌာနက စုံစမ်းသိရှိရသည်။

ကျိန္တလီမြို့နယ်၊ ရတနာမြိုင်ကျေးရွာမှ ၉ ဦးနှင့် ဂွမြို့၊ မင်းတောင် ဘုရားကုန်းပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်သား ၈ ဦးဝန်းကျင် လက်နက်စွန့်ကာ ထွက်ပြေးနေကြပြီး၊ စစ်တပ်က အပူတပြင်း လိုက်လံရှာဖွေကာ ပစ်ခတ်ခြင်းများပြုလုပ်နေသည်ဟု သိရကြောင်း မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သည့် စစ်ဘေးရှောင်တဦးက ဒွါရာဝတီသို့ ပြောသည်။

နယ်မြေမကျွမ်းကျင်သည့်အတွက် ထွက်ပြေးကြသည့် တပ်သားသစ်များ ပြန်လည်ဖမ်းမိသဖြင့် တချို့ကို စစ်ကောင်စီက သတ်ပစ်လိုက်ကြသည်ဟုလည်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ နောက်ဆုံးအပတ်ထဲ၌လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်တွင် စစ်ကောင်စီက လက်နက်ကြီးအထိုင်ချထားပြီး ကားလမ်းကို ယာယီပိတ်ဆို့ကာ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ လက်နက်ကြီးသည် ၁၂ လုံးတွဲ မစ်ဇိုင်းလက်နက်ကြီးများဖြစ်ပြီး ကုန်ကားကဲ့သို့ အရွယ်အစားရှိသည့် စစ်ကားတစီး၏ကားနောက်တွင် အတွဲလိုက် တပ်ဆင်ထားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတဦးက ပြော သည်။

အဆိုပါ လက်နက်ကြီးအထိုင်ချထားသည့်နေရာသည် ဂွမြို့မှ ၁၂ မိုင်အကွာအဝေး ရခိုင်ရိုးမပေါ်၌ဖြစ်ပြီး စစ်ကောင်စီသည် ရခိုင်ပြည်မှ တဖြည်းဖြည်းခြင်းဆုတ်ခွာကာ အထိုင်ချတပ်စွဲပြီး ခံစစ်ပြင်နေသည့်အခြေအနေ ဖြစ်သည်။

စစ်ကောင်စီသည် ဂွမြို့နယ်၊ အလယ်ရွာကျေးရွာရှိ ခမရ ၅၆၃ တွင် လက်နက်ကြီးနှင့် တင့်ကားများ ထပ်တိုး အင်အားဖြည့်ထားပြီး၊ ဩဂုတ်လ ၁၇၊ ၁၈ ရက်များတွင် ဂွမြို့၏ မြောက်ဘက်(ကျိန္တလီမြို့ဘက်)သို့ ပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ တတိယပတ်အတွင်း ဧရာဝတီတိုင်းဘက်မှ လက်နက်အင်အား၊ လူအင်အား များကို ရခိုင်ပြည်ဘက်သို့ ဆက်တိုက်ဖြည့်တင်းနေခြင်းဖြစ်သည်။

ခလရ ၅၆၃ တပ်ရင်းအတွင်း၌လည်း မစ်ဇိုင်းဒုံးတင် စစ်ကားများ အထိုင်ချထားသည်ဟု ဒေသခံများက ပြော သည်။

လက်ရှိ၌ စစ်ကောင်စီသည် ရိုးမဖြတ်ကျော်ကာ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တပိုင်တနိုင် သယ်ယူခွင့်ကို ပိတ်ဆို့ထားကြောင်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင်နေထိုင်သူတဦးက ပြောသည်။

“လူသီးသီး(လူသီးသန့်)သွားလို့ရတယ်၊ ပစ္စည်းသယ်လို့ မရ၊ ၃ ရက်ရှိပြီ” ဟု ဂွမြို့နယ်မှ ဒေသထွက် ကုန်ပစ္စည်းတချို့ကိုမှာယူကာ ဧရာဝတီတိုင်းအတွင်း ပြန်လည်ရောင်းချနေသူတဦးက ရိုးမ ဖြတ်ကျော်ကာ ကုန်စည်သယ်ယူ၍ မရခြင်းနှင့်ပတ်သက်၍ ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တလကျော် ကြာမြင့်လာပြီဖြစ်သည့် ကျိန္တလီမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာအနီး တိုက်ပွဲများအတွင်း တယ်လီဖုန်း လိုင်းများ မကြာခဏဖြတ်တောက်ထားပြီး မြေပြင်နှင့် အဆက်အသွယ်ရရှိရန် ခက်ခဲနေသည်။

ကျိန္တလီမြို့နယ်တွင်း တိုက်ပွဲများမှ အသက် ၂၀ ဝန်းကျင် တပ်သားသစ်များ မကြာခဏ ထွက်ပြေးနေကြပြီး နယ်မြေမကျွမ်းကျင်သည့်အတွက် စစ်ကောင်စီထံတွင် ပြန်လည် ဖမ်းမိခြင်းများလည်းဖြစ်နေကြောင်း ဒေသခံတဦးက ပြောသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button