
သံတွဲ၊ ၉၊ ဇူလိုင်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ကောင်စီ တပ်စွဲထားသော အကျဉ်းထောင်အနီးတဝိုက်သို့ ယနေ့ညနေပိုင်းက ရိက္ခာနှင့် လက်နက်ခဲယမ်းဟု ယူဆရသော ပစ္စည်းထုတ်များကို လေယာဉ်တစင်းဖြင့် အကြိမ်ပေါင်းများစွာ ပစ်ချခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
အရပ်လေယာဉ်တစင်းဖြင့် အကြိမ်ကြိမ်ပျံဝဲကာ ယင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ပြီး၊ အကျဉ်းထောင်အတွင်းသို့ လည်းကောင်း၊ ထောင်အပြင်ဘက်လယ်ကွင်းပြင်သို့လည်းကောင်း၊ FDA ရုံးအနီးဝန်းကျင်နှင့် လမ်းသွယ်ပေါ်သို့လည်းကောင်း ကျရောက်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အဆိုပါဒေသခံက ပြောသည်။
သူက “အထုတ်တွေက လေးလည်းလေးပုံရတယ်၊ ကြီးလည်းတော်တော်ကြီးတယ်၊ ၁၀ထုတ်ဝန်းကျင်လောက် ကျတာမြင်လိုက်တယ်၊ လေယာဉ်က စစ်လေယာဉ်တော့မဟုတ်၊ ရိုးရိုးလေယာဉ်လိုမျိုးပဲ၊ ချလိုက်၊ ပတ်ပျံသွားလိုက်လုပ်တယ်”ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လလယ်ခန့်ကလည်း သံတွဲမြို့တဖက်ကမ်းရှိ ဒွါရာဝတီမြို့သစ်သို့ စစ်ကောင်စီ ၏ ဒရုန်းများဖြင့် သဲအိတ်များ ပစ်ချခဲ့သေးသည်။
အဆိုပါသဲအိတ်များကို လေထီးဖြင့် ပစ်ချခြင်းဖြစ်ပြီး၊ အားသွင်းမီးသီးတလုံးနှင့် သဲအိတ်ကို တွဲ၍ ချခဲ့ ခြင်းဖြစ်သည်။
“သဲအိတ်ပစ်ချတယ်ဆိုတာက သူတို့က လေတိုက်နှုန်းတွေဘာတွေ စမ်းဖို့အတွက် ပစ်ချတာမျိုး၊ အခုဟာကတော့ သေးသေးလေးမဟုတ်ဘူး၊ ဆန်အိတ် ၂အိတ်ထပ်ထားတာလောက်ရှိတယ်၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေဖြစ်နိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်ကောင်စီသည် ဇွန်လဆန်းအထိ ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်ကို အသုံးပြုကာ စစ်အင်အား၊ လက်နက်အင်အားများဖြည့်တင်းခဲ့သည်။ လက်ရှိတွင် မဇင်လေဆိပ်ကို အာရက္ခတပ်တော်(အေအေ)က သိမ်းယူထားသည်မှာ ၁လကျော်ခဲ့ရှိပြီဖြစ်သည်။
စစ်ကောင်စီသည် သံတွဲမြို့ အကျဉ်းထောင်ကို ခံတပ်အဖြစ်အသုံးချကာ လက်နက်ကြီး ထိုင်ထားသလို၊ ယမန်နေ့ကလည်း ၄ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။