BattleNews

ငပလီကမ်းခြေ PVR ဟိုတယ်အနီး လက်နက်ကြီးအစထိမှန်၍ အရပ်သားတဦးသေဆုံး၊ မိသားစုကို စစ်တပ်က အလောင်းကောက်ခွင့် မပေး

သံတွဲ၊ ၇၊ ဇူလိုင်၊ ၂၀၂၄။

ငပလီကမ်းခြေ Plesent View Resort (PVR) ဟိုတယ်အနီး၌ ဇူလိုင် ၇ ရက် ယနေ့မွန်းလွဲ ၁၂ နာရီဝန်းကျင် တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံမှ သတင်းရရှိသည်။

“၁၂ နာရီလောက်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကိုယ့်အိမ်ပေါ်ကို ကျသလိုပဲ၊ ပင်လယ်ဘက်ခြမ်းက ကဗွီးပင်အောက်မှာ ဖုန်းသုံးနေတဲ့ ကောင်လေး တယောက်ကို အစထိတယ် လို့သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

သေဆုံးသွားသူသည် အိမ်နာမည် အလိမ္မာဟု အမည်ရပြီး၊ မိသားစုက အလောင်း ယူခွင့်မရဘဲ စစ်ကောင်စီတပ်သားများက ချက်ချင်းသယ်ဆောင်ကာ မြေမြှုပ်လိုက်ကြောင်း သိရသည်။

“ဘယ်ကပစ်တာလဲတော့ ခန့်မှန်းရခက်တယ်၊ လက်နက်ကြီးတွေက ဂျိတ္တောမှာ ထိုင်ထားတာတွေလည်း အများကြီးပဲ၊ ကျနော်တွေးမိတာတော့ ပစ်လိုက်တဲ့ကျည်က ချို့ယွင်းပြီး လမ်းမှာကွဲတဲ့ အစ မှန်တဲ့ သဘောလို့ထင်တယ်၊ တခြားတယောက်မှ မထိဘူး” ဟု ဂျိတ္တောဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်မှ ဒေခံအချို့သည် ကမ်းခြေတွင်ရှိသည့် ဟိုတယ်အချို့တွင် စစ်ရှောင်နေ ကြပြီး၊ အဆိုပါဖြစ်ရပ်ကြောင့် မပြောင်းရွှေ့သေးဘဲ ကျန်ရှိနေသည့် ဒေသခံအချို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

သို့သော် ငပလီကမ်းခြေတွင် စစ်ကောင်စီတပ်များအထိုင်ချခဲ့သည့် လွန်ခဲ့သော ရက်သတ္တပတ်ကတည်း က ဒေသခံများကို မွန်းလွဲ ၂ နာရီနောက်ပိုင်း ဝင်ထွက်ခွင့်မပြုကြောင်း သိရသည်။

စစ်တပ်အထိုင်ချထားသည့် ဂျိတ္တောရပ်ကွက်တွင် ပြီးခဲ့သည့် ဇွန် ၃ ရက် ညနေပိုင်းက ဂျိတ္တောငါးဖမ်းဇုန်မှ ငါးရောင်းချသူ ဒေါ်ဘဲဥ၏ ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့ အား စစ်ကောင်စီက ပစ်သ-တ်ခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတောအတွင်း ငပလီကမ်းခြေမြို့၊ လင်းသာနှင့် ဂျိတ္တောရပ်ကွက်နောက်ကျောရှိ စန်းတောင်ကြီးအနီးတဝိုက်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံများ အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံ-ငပလီကမ်းခြေ (မြပြင်ရပ်ကွက်ပင်လယ်ကမ်း‌ခြေ)ကို မြင်တွေ့ရစဉ်။ (ပုံဟောင်း)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button