
တောင်ကုတ်၊ ၄၊ ဇူလိုင်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၏ မြောက်ဘက် ၂၅ မိုင်အကွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ပေါက်အင်းရွာရှိ ဘုန်းတော်ကြီးကျောင်းကို ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတစ်ပါ ဗုံးစရှပ်ထိပြီး သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ ကနဦးစုံစမ်းသိရသည်။
“ကျောင်းကို တိုက်ရိုက်မကျဘူး၊ ဦးဇင်းတစ်ပါးကို ရှပ်ထိသွားတယ်ကြားတယ်၊ အသေးစိတ်မသိရသေး” ဟု တောင်ကုတ် မြို့ပေါ်ရှိ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ ရမ်းဗြဲမြို့မှ စစ်ဘေးရှောင်နေကြသည့် အရပ်သားများ ခိုလှုံနေသည့် စစ်ရှောင်စခန်းတခု ဖြစ်ပြီး၊ အဆောက်အဦတခြမ်းနှင့် ကျောင်းအနီးရှိ ဓမ္မာရုံအဆောက်အဦ တခြမ်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။
“စစ်ကြောင့် အိမ်မီးလောင်ဆုံးရှုံးသွားလို့ နေရပ်မပြန်နိုင်သေးဘဲ ကျန်နေခဲ့ကြတဲ့ စစ်ရှောင်တွေ ရှိတဲ့ကျောင်းပါ၊ အရင်က စစ်ရှောင်ဦးရေ ၅၀၀ လောက်ရှိတယ်၊ ပြန်နိုင်သူတချို့လည်း ပြန်ကြပြီ” ဟု အဆိုပါကျေးရွာနှင့် အဆက်အသွယ် ရှိသည့် ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီက ယနေ့ကျူးလွန်ခဲ့သည့် အဆိုပါ လေကြောင်းဗုံးကြဲမှုတွင် ကျောက်ဖြူမြို့ဘက်မှ ပျံသန်းလာသည့် စစ်လေယာဉ်သည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ပေါက်အင်းရွာ ဘုန်းတော်ကြီး ကျောင်း၊ ဓမ္မာရုံနှင့် တာဝါတိုင်အနီးကို ပေါင် ၂၀၀ ဗုံး ၂လုံး တပြိုင်ကြဲချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်း တာဝါတိုင်အနီးကျရောက်သည့် ဗုံးမှာ ပေါက်ကွဲမှုရှိမရှိနှင့် ပျက်စီးမှုရှိမရှိကို မသိရှိရ သေးကြောင်း၊ ယင်းတာဝါတိုင်မှာ တယ်လီနောတာဝါတိုင်ဖြစ်သော်လည်း ကျန်အော်ပရေတာများ၏ လိုင်းများကိုလည်း အတူတကွ ထားရှိထားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မြေပြင်တွင် ၎င်းတို့ စစ်ရေးရှုံးနိမ့်ပြီးခဲ့သည့် မြို့နယ်များတွင် နေအိမ်များ၊ ဆေးရုံ၊ ဆေးခန်း၊ သာသနိက အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များကို မကြာခဏ လေယာဉ်နှင့် ဗုံးကြဲခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်အကြား တကျော့ပြန်တိုက်ပွဲများ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ တွင် ပြန်လည်စတင်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပြည်မကို အများပြည်သူ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ထားသည်မှာ ၈လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဓာတ်ပုံ- ဒေသခံတဦး၏ လူမှုကွန်ရက်စာမျက်နှာ
ပုံစာ- စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် သာသနိက အဆောက်အဦများ