BattleNews

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကင်းမော်ကျေးရွာမှ အရပ်သား အချို့ ဒဏ်ရာရ

သံတွဲ၊ ၂၆၊ ဇွန်၊ ၂၀၂၄။

မနေ့က(ဇွန် ၂၅) မွန်းလွဲ ၂နာရီဝန်းကျင်တွင် သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာရှိ၊ ယခင်စစ်ကောင်စီတပ် အထိုင်ချခဲ့သည့် ဘိုတဲ ဝန်းကျင်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများနီးကပ်လာခြင်း၊ လေကြောင်း ဗုံးကြဲခြင်းများကြောင့် ကင်းမော်ကျေးရွာမှ ဒေသခံများသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး၊ ယခု လေကြောင်းဗုံးကြဲမှုကြောင့် ကုက္ကိုလ်ပင်အကိုင်းများ ပြတ်ကျကာ လမ်းပိတ်နေကြောင်းသိရသည်။

“မနေ့က ကင်းမော် တံတားနားမှာ လက်နက်ကြီးကျလို့ ၃ယောက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ တော်တော်ပြင်းတယ် လို့ပြောတယ်။ ကျမတို့ရွာက ကောင်လေးတယောက် အဲ့ဘက်ကို ရောက်နေတာ သူကလွင့်သွားပြီး၊ ခြေထောက်ကို ဗုံးစထိတယ်လို့ ကြားတယ်၊ နောက်တယောက်ဆို ခေါင်းမှာလည်း ထိတယ်၊ ဗုံးစအမှုန်အမွှားတွေစင်တာ လက်တွေမှာ အနာပေါက်သလို အဖုဖုတွေ ထသွားတယ် လို့ကြားတယ်၊ တယောက်ကဆို မျက်စိကန်းနိုင်တယ်လို့ ပြောတယ်” ဟု သဗြုချိုင်ရေတပ်အနီးတွင်နေထိုင်သူ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတဦးက ဒွါရာဝတီသို့ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ကျောင်းတိုက်ကျေးရွာဝန်းကျင်နှင့် ရေထဲသို့ ဗုံးသီးများ မကြာခဏ ကျရောက်နေပြီး၊ အနီးဝန်းကျင် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသလို တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်လုနီးပါးဖြစ်နေကြောင်း သိရသည်။

ကင်းမော်ကျေးရွာသည် သံတွဲမြစ်အောက်ဘက်တွင်ရှိပြီး၊ သံတွဲဒေသသို့ ရေကြောင်းမှ ကုန်စည် စီးဆင်းမှုအတွက် ဆိပ်ကမ်းအဖြစ် အဓိက အသုံးပြုသည့် ကျေးရွာတရွာဖြစ်သည်။

ဇွန်လဆန်းက စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ စုပေါင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆင်ခေါင်းငါးဖမ်းဇုန်နှင့် ၁နာရီခန့် စက်လှေမောင်း ရသည့် အကွာအဝေးတွင်တည်ရှိသည်။

အလားတူ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဇွန်လ တတိယပတ်အတွင်း အရပ်သား ၂ဦးသေဆုံးခဲ့သည့် ရွှေကျောင်းပြင်ကျေးရွာနှင့် နာရီဝက်ခန့် ကားမောင်းရသည့်‌အကွာအဝေးတွင်တည်ရှိသည်။

ပုံစာ- ကင်းမော်ကျေးရွာရှေ့ရှိ ဖောင်ဆိပ်မှ သံတွဲမြစ်(သံတွဲချောင်း)အထက်ပိုင်းကို လှမ်းမြင်နေရပုံ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button