
တောင်ကုတ်၊ ဇွန် ၂၆၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် အနီးဝန်းကျင် နေရာအတော်များများတွင် စစ်ကောင်စီက မိုင်းများထောင်ထားခြင်းကြောင့် ဒေသခံပြည်သူများ မိုင်းအန္တရာယ် သတိထားရှောင်ကျဉ် စေလိုကြောင်း အာရက္ခ တပ်တော် (အေအေ)နှင့် နီးစပ်သူတစ်ဦးက ဒွါရာဝတီသို့ပြောသည်။
မဖြစ်မနေ သွားလာကြရပါက လမ်းမကြီး၏ ဘေးဝဲ၊ ယာများကို မည်သည့်အကြောင်းကြောင့်နှင့်မျှ မဆင်းကြစေလိုကြောင်း၊ စစ်ကောင်စီဂိတ်များနှင့် တဖာလုံအကွာအထိ လမ်းဘေး ဝဲ၊ယာများ တွင်လည်း မိုင်းများ ထောင်ထားသည်ကို တွေ့ရှိထားသဖြင့် ပြည်သူများ သတိထားသွားလာကြ စေလိုကြောင်း ၎င်းကပြောသည်။
“စစ်ကောင်စီက မိုင်းတွေ တအားထောင်နေတယ်၊ မြို့အထွက်ဂိတ်နဲ့ ၁ဖါလုံအကွာအထိ လမ်းဘေး ဝဲယာ အားလုံးကိုလည်း မိုင်းထောင်ထားတယ်၊ လမ်းမကို သတ်ကွင်း လုပ်ထားတာပေါ့ လမ်းဘေးကို လုံးဝ မဆင်းကြပါနဲ့” ဟု အေအေနှင့် နီးစပ်သူတဦးက ဒွါရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း လမ်းမကြီးပေါ်တွင် ထောင်ထားသည့်မိုင်းများကို နေ့ဘက်တွင်ဖြုတ်သိမ်း၍ ညအချိန်တွင် ပြန်ထောင်ထားလေ့ရှိကြောင်း၊ လမ်းမဘေးတွင် ထောင်ထားသည့်မိုင်းများကိုမူ နေ့ရော ညပါ ပြန်ဖြုတ်ခြင်းမရှိကို စုံစမ်းတွေ့ရှိရကြောင်း ၎င်းကပြောသည်။
တောင်ကုတ်မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစရှိသည့် ရုံးဌာနများ၊ စစ်တပ်နယ်နိမိတ်များ၊ မြို့အထွက်စစ်တပ်ဂိတ်များမှ တဖာလုံအကွာအထိ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြစေလိုကြောင်း၊ မဖြစ်မနေ သွားရပါက မိုင်းသတိ ရှိကြစေလိုကြောင်း သတိပေးသည်။
“ရုံးတွေနဲ့ လူနေအိမ်တွေနဲ့အရမ်းနီးနေတယ် ရုံးတွေနားက လူတွေအန္တရာယ်များတယ်” ဟု သူက ပြောသည်။
စစ်ရှောင်ဒေသခံများအနေဖြင့် စစ်ရှောင်လိုပါက စစ်ကောင်စီတပ်၏ မြို့အထွက်ဂိတ်များကို ဖြတ်သန်း သွားလာ၍ ငွေပေးရလေ့ရှိရာ လမ်းဘေးတွင် မိုင်းများနင်းမိနိုင်ခြင်းကြောင့် ဒေသခံများက စိုးရိမ်လျက် ရှိသည်။
တောင်ကုတ်မြို့တွင် မေလနှင့် ဇွန်လနောက်ဆုံးပတ်အတွင်းက အများပြည်သူ သွားလာလေ့ရှိသည့် တောစပ်သို့ ဝမ်းရေးအတွက် ဟင်းရွက်ခူးစဉ် စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် အရပ်သား ၃ဦးအထိရှိလာပြီဖြစ်သည်။
ပုံစာ- ဇွန် ၂၅ ရက်နံနက်ပိုင်းတွင် တောင်ကုတ်တက္ကသိုလ်အနီးရှိတောစပ်တွင် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရသည့် အရပ်သားတဦး။