သံတွဲ၊ ဇွန် ၂၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသဖြင့် ဒေသခံများ စစ်ဘေးရှောင်ကြ ရာတွင် အိမ်မွေးခွေးလေးများနှင့်အတူ တိမ်းရှောင်ကြသလို ပရဟိတအဖွဲ့အချို့ကလည်း ကူညီပေးခဲ့သည်ဟု သိရသည်။
ဒေသခံပရဟိတအဖွဲ့များသည် သွားလာရေးခက်ခဲနေသည့် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးခဲ့ကြသကဲ့သို့ ဘေးလွတ်ရာသို့ပြောင်းရွေ့ရာ၌ အိမ်မွေးခွေးလေးများကိုပါ ပြောင်းရွေ့နိုင်ရေးအတွက် ကူညီပေးခဲ့ကြသည်ဟု သိရသည်။
သံတွဲမြို့တောင်ဘက်သို့ စစ်ဘေးရှောင်သွားသည့် သံတွဲမြို့ခံတစ်ဦးသည် ယနေ့တွင် အိမ်မှာကျန်ခဲ့သည့် ခွေးကို ပြန်ခေါ်ရန် သံတွဲမြို့ဝင်းသို့ ပြန်ဝင်ရာ မြို့ဝင်စာနီတောင်ဂိတ်၌ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးများကို ဝင်ခွင့်မပေးသည့်အတွက် မြို့ထဲသို့ လမ်းလျှောက်ပြန်ဝင်ခဲ့ရသည်ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
ထို့ကြောင့် အိမ်တွင် တစ်ကောင်တည်းကျန်ခဲ့သည့်ခွေးလေးသည် သခင်နှင့်ပြန်ဆုံခွင့်ရခဲ့သည်ဟု သိရသည်။
“ခွေးက အိမ်မှာတကောင်တည်းကျန်ခဲ့တာ၊ ဒီနေ့တော့ သူ့ကို လာခေါ်ကြတယ်။ သူက ဗျောက်အိုးသံ၊ သေနတ်သံကြားရင် ကြောက်တတ်တဲ့ ခွေးလေး။” ဟု ခွေးပိုင်ရှင်နှင့်နီးစပ်သည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
အချို့သောဒေသခံများသည် စစ်ဘေးရှောင်ရာတွင် အိမ်မွေးခွေးများကိုပါ တစ်ပါတည်း မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် သယ်ဆောင်ကာ ဘေးကင်ရာသို့ ထွက်ပြေးတိမ်းရှောင်းကြသည်ဟု သိရသည်။
ပုံ-သံတွဲဒေသက သခင်နှင့်အတူ စစ်ရှောင်ကြသည့် ခွေးလေးများ။ (ဓာတ်ပုံ-ဒေသခံများ၏ ဖေ့ဘွတ်စာမျက်နှာက ကူးယူဖော်ပြပါသည်။