
ဂွ၊ အောက်တိုဘာ ၁၂၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့နယ် အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက နေ့ရော ညပါ ကြည်း၊ ရေ တိုက်ခိုက်မှုများပြုလုပ်နေပြီး ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိ ရရှိသည်။
တိုက်ပွဲများသည် ဂွမြို့နယ်၊ ဒယ်ပုတ်နှင့် ဘဲအင်းစသည့်ကျေးရွာများ အနီးတဝိုက်တွင် ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက တိုက်လေယာဉ် ၇စီးခန့်သုံးကာ ယနေ့ တနေကုန် ပစ်ခတ် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“တခါကြဲပြီး တခါပြန်တဲ့လေယာဉ်က တော်သေးတယ်၊ အခုက ရွာတွေကို တနာရီလောက် ဝဲကြည့်ပြီး စိတ်ကြိုက်ကြဲတာ၊ အဲ့ဒါပိုကြောက်ဖို့ကောင်းတယ်၊ လေယာဉ် ၇စီးလောက် အသွားအပြန်ကို ကြဲတာ၊ တရက်လုံးဖြန့်ပြီးကြဲတာ” ဟု ဒေသခံတဦးက ဒွါရာဝတီသို့ပြောသည်။
ဂွမြို့နယ်၊ မယ်ညိုဇင်း၊ ကုလားပြင်ရဲစခန်းအနောက်ဖက်ကုန်းရှိ ကြံခင်းချောင်၊ ရှေ့ဘက်ရှိ ရေတွင်းကုန်း၊ ဘဲအင်းတောင်ကြော၊ ဝက်တိုးနှင့် ကွေ့ကြီးတောင်အောက်ဘက်ချိုင့်စသည့် နေရာများကို ယနေ့နံနက်အာရုဏ်တက်ချိန်ကတည်းက တနေကုန် ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
လေကြောင်းမှ ဗုံးကြဲခြင်း၊ စစ်သေနတ်များနှင့် ပစ်ခတ်ခြင်းအပြင် ဘင်္ဂလားပင်လယ်ထဲတွင် အသင့်ရပ်ထားသည့် ရေတပ်သင်္ဘောမှလည်းကောင်း၊ တိုက်ပွဲဧရိယာမလှမ်းမကမ်းရှိ ကြွေချိုင်ကမ်းခြေတည်ရှိရာ ကြွေချိုင်ကျေးရွာမှလည်းကောင်း ကူပစ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
“အခုရက်ပိုင်းမှ ကြွေချိုင်မှာဆင်တာ အရင်ပစ်နေကျအမျိုးအစားနဲ့မတူဘူး၊ ပစ်သံသိပ်မကြားဘူး၊ ၂ချက်ဆင့်ပြီး အနားရောက်မှ ထပွင့်တာမျိုး၊ ညနေပိုင်းဆို အမဲရောင်မီးအလုံးလိုက်လာပြီး ရွာတွေ ပေါ်မှာ ထပွင့်ပြီးမှ ပစ်မှတ်ဆီရောက်တာ” ဟု ဒေသခံတဦးက ပြောသည်။
ယခုလ ၉ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကံ့ကော်တောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် ရေကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများပျက်စီးခဲ့ပြီး ပျက်စီးထိခိုက်မှု အခြေအနေများကို အသေးစိတ်မသိရသေးပေ။
“ရေကျော်ကို လက်နက်ကျည်တွေလည်းကျတယ်၊ လေကြောင်းက ညဘက်မှာကြဲတာ၊ အရပ်သား ထိခိုက်မှုရှိတယ်၊ အတိအကျတော့မသိရသေး” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကြွေချိုင်ကျေးရွာသို့ ဆုတ်ခွာ အထိုင်ချထားပြီး၊ တိုက်ပွဲဖြစ်ပွားနေသည့် ဘဲအင်း၊ ဒယ်ပုတ် စသည့်ကျေးရွာများဘက်သို့ ကျောက်တင်ကားများဖြင့် တပ်သားများ တင်ဆောင်ကာ သွားလာကူးသန်းခြင်းများပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ငါးသိုင်းချောင်း-ဂွ ရိုးမဖြတ်ကျော်လမ်းကို အသုံးပြုကာ စစ်ကားများဖြင့် နေ့စဉ်စစ်အင်အားဖြည့်တင်းနေကြောင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်တွင်နေထိုင်သည့် ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်က သံတွဲ-ဂွလမ်းပေါ်ရှိ ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
ဂွမြို့နယ်အပိုင် ကျိန္တလီမြို့နယ်၊ ကျေးရွာများအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများသည် လနှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခု အောက်တိုဘာလဆန်းမှစတင်ကာ ပိုမိုပြင်းထန်လာခဲ့သည်။
မြေပြင်ရှိ ကျေးရွာအချို့တွင် လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်ကာအင်တာနက်လိုင်းနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေသည်။
ရခိုင်တောင်ပိုင်းဒေသတွင် အေအေနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ကာလအားဖြင့် ၇လနီးပါး ကြာမြင့်လာပြီဖြစ်သည်။