NewsPolitic

သံတွဲထောင်မှ လွတ်မြောက်ခဲ့သည့် ပန်းချီဆရာမ ပါဝင်သည့် ပန်းချီပြပွဲ

ဒွါရာဝတီ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် “မြေမဲ့ပန်း” ဟု အမည်ပေးထားသည့် အနုပညာပြပွဲတခုကို ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ရာ သံတွဲအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် သံတွဲမြို့ ပန်းချီဆရာမတဦး၏ ပန်းချီလက်ရာများကိုလည်း ထည့်သွင်းပြသခဲ့သည်။

သံတွဲပန်းချီဆရာမ Dayday Zoyar သည် ၂၀၂၂ ဇူလိုင် ၁၇ ရက် သံတွဲမြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဒီဇင်ဘာ ၃၁ ရက်တွင် အကြမ်းဖက်မှုပုဒ်မ ၅၀၅ (ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

သို့သော် သံတွဲမြို့ကို အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အချိန် ၂၀၂၄ ဇူလိုင် ၁၁ ရက်တွင် သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများနှင့်အတူ ပန်းချီဆရာမ Dayday Zoyar လည်း ပြန်လည် လွှတ်မြောက်ခဲ့သည်။

သံတွဲအကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့်နောက် အကျဉ်းထောင်နှင့်ပတ်သက်သည့် ခံစားမှုလက်ရာ ပန်းချီကားများကို ဆက်လက်ရေးဆွဲခဲ့ပြီး ယခုကဲ့သို့ အနုပညာပြပွဲတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြပွဲ၌ သံတွဲပန်းချီဆရာမ Dayday Zoyar ၏ ပန်းချီကား ၉ ကား အပြင် တခြားသော ပန်းချီဆရာနှင့် ဓာတ်ပုံ ဆရာများ၏ ပန်းချီကားနှင့် ဓာတ်ပုံများလည်း ပြသခဲ့သည်။

မြေမဲ့ပန်း အနုပညာပြပွဲ၌ ပန်းချီဆရာမ Dayday Zoyar ၏ ပန်းချီကား ၅ ကား ရောင်းချခဲ့ရပြီး အဆိုပါ ငွေကြေးကို လည်း နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့မှု ရန်ပုံငွေမှာ ထည့်ဝင်သွားမည်ဟု ပန်းချီဆရာမ DayDay က ပြောသည်။

#သံတွဲ  #ပန်းချီ #DaydayZoyar

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button