
ကျိန္တလီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅။
တိုက်ပွဲများဖြစ်ပွားနေခြင်း မရှိတော့သည့် ရခိုင်ပြည်တောင်ဘက်ခြမ်းရှိ ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်၊ ကံ့ကော်တောင်(ကွက်သစ်)ကျေးရွာသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၄ရက် ညနေပိုင်းတွင် လေကြောင်းဗုံးကြဲမှုကြောင့် သာသနိက အဆောက်အဦတလုံးနှင့် လူနေအိမ်တလုံး ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးထံမှ သတင်းရရှိသည်။

စစ်ကောင်စီတပ်များနှင့် အာရက္ခတပ်တော်အေအေတို့ကြား ၂လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် ကျိန္တလီမြို့နယ်အတွင်းရှိ၊ ကံ့ကော်တောင်(ကွက်သစ်)ကျေးရွာရှိ မြတ်မင်္ဂလာဘုန်းတော်ကြီး ကျောင်းနှင့် ကျောင်းနံဘေးရှိ နေအိမ်တလုံး ပျက်စီးဆုံးရှုံးခဲ့ကာ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

“ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရဘူး၊ လေယာဉ်နဲ့ကြဲတာ၊ အခုရက်ပိုင်း လေယာဉ်အသွားအလာ တော်တော်ရှိတယ်ပြောတယ်”ဟု မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သည့် ဒေသခံတဦးက ဒွါရာဝတီလူထုအခြေပြုသတင်းဌာနသို့ ပြောသည်။
ကံ့ကော်တောင်ကျေးရွာသည် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျိန္တလီ မြစ်ကူးတံတား တဖက်ခြမ်းရှိ ကျေးရွာဖြစ်သည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၀ရက်တွင် စတင်ကာ အေအေနှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားခဲ့သည့် ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲများအနက် ကံ့ကော်တောင်တိုက်ပွဲသည် အချိန်အကြာဆုံး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ဒေသဖြစ်သည်။

၂၀၂၄ခု၊ အောက်တိုဘာ ၇ ရက်တွင် ကျိန္တလီချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးကာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှ ဂွမြို့နယ်ဘက်သို့ တဖြည်းဖြည်း တပ်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်ခြင်းများကြောင့် စစ်ဘက်နှင့် မသက်ဆိုင်သော အရပ်သားနေအိမ်များ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်ကောင်စီကင်းမဲ့နယ်မြေဖြစ်သွားပြီးနောက် ယခုကဲ့သို့ ထပ်မံ လေကြောင်းဗုံးကြဲသည့် ဒဏ်ကို ဆက်လက် ကြုံတွေ့နေရခြင်းဖြစ်သည်။

ကျိန္တလီမြို့နယ်အတွင်း ၂၀၂၄ ဩဂုတ်လကတည်းက တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး မြေပြင်သတင်းအချက်အလက်များ၊ လူထု ထိခိုက်နစ်နာမှုများကို လွတ်လပ်သော သတင်းမီဒီယာများက လက်လှမ်းမီခြင်း၊ မှတ်တမ်းတင်နိုင်ခြင်း မရှိသလောက်နည်းပါးလျှက်ရှိသည်။
ဓာတ်ပုံ- မြေပြင်