
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း စစ်ရှောင်နေကြသော ရခိုင်ပြည်သူစစ်ရှောင်များသည် ရခိုင်ပြည် အတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ လမ်းခရီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး ပျောက်ဆုံးနေသူ များရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ရခိုင်ပြည် သံတွဲမြို့နယ်၊ ဂွမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံပြည်သူများသည် ဘေးကင်းရာ ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းသို့ စစ်ရှောင်ခဲ့ကြသည်။

ယခုအခါ တိုက်ပွဲများဖြစ်ပွားပြီးနောက် ၈ လကျော်ကြာမြင့်လာသည့်အခါ စစ်ရှောင်များသည် တခြားသော အရပ်ဒေသ၌ နေထိုင်စားသောက်ရန် ခက်ခဲလာခြင်း၊ တချို့မှာ လုံခြုံရေးအရ နေထိုင်ရန် ခက်ခဲလာခြင်းများ ကြောင့် ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ လမ်းခရီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရပြီး အများစုမှာ ပျောက်ဆုံးနေကြသည်ဟု အဖမ်းခံရသူများနှင့် နီးစပ်သူတဦးက ပြောသည်။
“အဖမ်းခံရတဲ့သူတွေထဲမှာ လသားကလေးတွေပါတယ်၊ အသက်ကြီးသူတွေလည်းပါတယ်။ ရန်ကုန်မှာ မနေနိုင် တော့လို့ ပြန်ဝင်တာမှာ အဖမ်းခံရတာ။ အဖမ်းခံရပြီး ပျောက်နေတာ ၁၀ ရက်လောက်ရှိပြီ။ ဘာသတင်းမှ မရ သေးဘူး။” ဟု သူက ဆက်ပြောသည်။

ရန်ကုန်၊ ဧရာဝတီတိုင်းအတွင်းသို့ စစ်ရှောင်နေကြသူများသည် ရခိုင်ပြည်အတွင်းသို့ လမ်းကြောင်းမျိုးစုံမှ ပြန်လည်ဝင်ရောက်ရာ၌ စစ်ကောင်စီက လမ်းခရီးတွင် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာမှာ ယခုအခါ အယောက် ၂၀၀ အထိ ဖမ်းဆီးခံရကာ ၎င်းတို့အထဲမှ ၁၀ ဦးကျော်ခန့်သာ ရုံးတင်စစ်ဆေးနေသည်ကို ကြားသိရပြီး အခြားသူများမှာ ပျောက်ဆုံးနေသည်ဟုသိရသည်။
အဖမ်းခံရသူများသည် သာမန်အရပ်သူ၊ အရပ်သားများဖြစ်ပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အချိန်ထိ အဆက်အသွယ်မရသဖြင့် မီသားစုဝင်များက စိတ်ပူလျက်ရှိကြသည်။

ရခိုင်ပြည် သံတွဲမြို့နယ်၊ ဂွမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းများ မရှိတော့သည့်အတွက် ဒေသခံပြည်သူ များသည် ရရာနည်းလမ်းမျိုးစုံဖြင့် ကိုယ့်အရပ်ဒေသသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်းသို့ စစ်ရှောင်နေကြသည် ရခိုင်ပြည်သူများသည် အလုပ်အကိုင်မရှိခြင်း၊ နေစရိတ်၊ စားစရိတ်များ ကြီးမြင့်လာပြီး ကာလကြာရှည်လာသည့်အခါ နေထိုင်စားသောက်ရေးအတွက် ခက်ခဲလာခြင်း၊ စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများကြောင့် လုံခြုံမှုမရှိ ခြင်းစသည့်အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် စစ်ရှောင်အများစုသည် ကိုယ့်အရပ်ဒေသသို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

ပုံ-၂၀၂၄ ဇွန်လအတွင်း သံတွဲမြို့နယ်အတွင်းမှ စစ်ရှောင်ခဲ့ကြသည့် ပြည်သူများ။