
ဒွါရာဝတီ၊ ဩဂုတ်-၂၊ ၂၀၂၅။
စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံးကာ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် သံတွဲမြို့အပါအဝင် ရခိုင်ပြည်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး အရေးပေါ်အခြေအနေကြေညာခဲ့သည်။
ဇူလိုင် ၃၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မိမိဘာသာ ယာယီသမ္မတတာဝန်ယူထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင်ကပင် တာဝန်ပေးအမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါအမိန့်ကြေညာချက်အရ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းလိုက်သည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အထက်ပါလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျှော်သည့် စစ်ဘက်အာဏာပိုင်းတဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်ကြောင်းနှင့် ယခုအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်သည်ဟု မိမိဘာသာ သမ္မတရာထူးယူထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ကပင် အမိန့်ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ရှိ အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များမှာ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ အမ်းမြို့နယ် တို့ဖြစ်သည်။
ရခိုင်ပြည်ရှိ မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် အာရက္ခတပ်တော်(အေအေ)သည် စစ်တွေမြို့နယ်၊ ကျောက်ဖြူ မြို့နယ်နှင့် မာန်အောင်မြို့နယ် ၃ ခုသာ သိမ်းပိုက်ရန်ကျန်ရှိပြီး စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထား သည့် မြို့နယ် ၁၄ မြို့နယ်စလုံးကို သိမ်းပိုက်ထားပြီးဖြစ်သည်။
သိမ်းပိုက်ရန်ကျန်ရှိသည့် မြို့နယ် ၃ မြို့နယ်တွင်လည်း ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ရန် မြို့ပေါ်ရပ်ကွက်တချို့သာ ကျန်ပြီး စစ်ကောင်စီက အရေးနိမ့်နေခြင်းဖြစ်သည်။

ယင်းသို့ အုပ်ချုပ်ရမည့်နေရာ မကျန်ရှိတော့သော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်း ကြောင်း ဇူလိုင် ၃၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ စစ်ကောင်စီဖွဲ့စည်းသည့် ရခိုင်ပြည် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည် ၂၅၇၇၅ ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ တို့ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
အာဏာသိမ်းစစ်တပ်၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင် ၃၁ ရက်မှာ စစ်ကောင်စီကို ဖျက်သိမ်းပြီး အဖွဲ့ဝင် ၁၀ ဦးပါရှိသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဟု အမည်ပေးထားသည့် စစ်ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ယင်းသို့ နိုင်ငံရေး၊ စစ်ရေး အဖွဲ့အစည်းများဖွဲ့စည်းကာ တာဝန်အသီးသီးများပေးအပ် ထားသော်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပင် စစ်ခေါင်းဆောင်ရာထူးကို ဆက်လက်ဆုတ်ကိုင်ထားဆဲ ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကြာသည့်နောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယခုကဲ့သို့ အပြောင်းအလဲများပြုလုပ်ပြီး တာဝန်များခွဲဝေပေးလိုက်ခြင်းသည် ၎င်းစစ်ရှုံးထားသည့် နယ်မြေများကို စစ်ရေးအရှိန်မြှင်တင်ရန်နှင့် ကျင်းပမည်ဟု ကတိပေးထားသည့် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပြီး ၎င်း၏ နိုင်ငံရေးထွက်ပေါက်ကို ကြိုးစားရှာဖွေနေခြင်းသာဖြစ်သည်ဟု နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူများကို ဆိုကြသည်။