BusinessNews

မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများစတင်ပြတ်တောက်

သံတွဲ၊ ဇူလိုင် ၁၄၊ ၂၀၂၄။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား စစ်ရေးထိတွေ့မှုဖြစ်ပွားနေသည့် သံတွဲမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် ဇူလိုင် ၁၃ ရက် ယနေ့ မွန်းလွဲပိုင်းက စတင်ကာ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း သံတွဲမြို့နှင့် ဆက်သွယ်ရန်ကြိုးပမ်း နေသည့် အဝေးရောက်သံတွဲမြို့ခံများက ပြောသည်။

စစ်ဘေးမှတိမ်းရှောင်နေကြသည့် အဝေးရောက်မိသားစုဝင်များသည် အကြောင်းအမျိုးမျိုးနှင့် မြို့ကမထွက်ခွာနိုင်ကြဘဲ ပိတ်မိနေသည့် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေခြင်းကြောင့် စိုးရိမ်ပူပင်မှုများ မြင့်တက်နေကြသည်။

“ဒီနေ့ မနက်ပိုင်းက သံတွဲနဲ့ အဆက်အသွယ်ရသေးတယ်၊ နေ့လယ်ပိုင်းကစပြီး အဆက်အသွယ် လုံးဝပြတ် သွားတာ၊ မြို့မှာ ဘာတွေဖြစ်နေပြီလဲဆိုတာ မသိရတော့ဘူး၊ ဒီလောက်အချိန်ကြာကြာ မပြတ်ဖူးဘူး”ဟု အဝေးရောက် သံတွဲမြို့သားတဦးက ပြောသည်။

ရွှေအံတော်စေတီတော်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သံတွဲမြို့ပေါ်ရပ်ကွက်နေရာအနှံ့အပြားသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲခိုက်ခြင်းခြင်းများပြုလုပ်ပြီးသည့်နောက် ယခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ် တောက်သွားခြင်းဖြစ်သည်။

သံတွဲမြို့နှင့် မိုင် ၂၀အကွာရှိ ကနဦးတိုက်ပွဲဖြစ်ပွားရာဒေသဖြစ်သည့် ရွှေလှေတိုက်နယ်တဝိုက်တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တလကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်နေမှုများကြောင့် သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့များရှိ ဒေသခံအရပ်သားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအပြင်၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် အများပိုင်အဆောက်အအုံများ အများအပြားထိခိုက် ပျက်စီးလျှက် ရှိသည်။

လွန်ခဲ့သည့် တပတ်ခန့်က သံတွဲမြို့အနီးဝန်းကျင်၌ ပစ်ခတ်မှုများယာယီရပ်တန့်သွားချိန်တွင် မူလက ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြသည့် အချို့သောမြို့ခံများသည် သံတွဲမြို့ပေါ်သို့ ပြန်လည်ဝင်ရောက် လာကြသည့်အတွက် ယခုအခါ မြို့အတွင်း ပိတ်မိနေသည့် သူများလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button