BusinessNews

ရခိုင်ပြည်တခုလုံးနီးပါးသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အေအေ ဖိတ်ခေါ်

ဒွါရာဝတီ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄။

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တခုတည်းသော တော်လှန်ရေးတပ်ဖြစ်သည့် အာရက္ခတပ်တော် (အေအေ)က ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုက်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို အထူးဂရုစိုက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး၊ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အဆိုပါကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လည်း လိုလားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁ နှစ်တာကာလအတွင်း စစ်ပွဲများကြောင့် ပြည်သူ့ လူမှုစီးပွားဘဝများ ချွတ်ခြုံကျခဲ့သည်ကို အနီးဆုံး မြင်တွေ့နေပြီး၊ လက်ရှိ မြေပြင်တွင် ကူညီရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ရခိုင်လူငယ်တဦးက “အဓိက ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဖိတ်ခေါ်တယ်ဆိုတာထက် ရှိပြီးသားရင်းနှီးမြှုပ်နှံမှုတွေကို စောင့်ရှောက်ပေးနိုင် တယ်လို့ တရုတ်ဘက်ကို ကမ်းလှမ်းတဲ့သဘောမျိုးဖြစ်နိုင်တယ်လို့ပဲမြင်ပါတယ်၊ မတည်ငြိမ်တဲ့ဒေသတခုကို ပြင်ပရင်းနှီးမြှုပ်နှံမှု အသစ်တွေဝင်လာဖို့၊ စွန့်စားမှုများများယူပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်၊ ငြိမ်းချမ်းရေးစာချုပ်ချုပ်မယ် ဒါမှမဟုတ် တရားဝင်အစိုးရ ဖြစ်လာမှ ဖြစ်နိုင်မယ်” ဟု ဒွါရာဝတီသို့ ပြောသည်။

ပုံ-ကျောက်ဖြူမြို့ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင်အနီး ဝမ်းစာရှာနေကြသည့် ဒေသခံများ။ (ယခင်ပုံ)

၂၀၂၃ နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သည် အေအေ၏ ထိုးစစ်များသည် ရခိုင်ဒေသအတွင်းရှိ လူမျိုးပေါင်းစုံလွတ် မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံ မြန်မာပြည်သူများ လိုလားသော နိုင်ငံရေးမျှော်မှန်းချက်များ ပြည့်ဝစွာရရှိနိုင်ရေးအတွက် မြန်မာပြည်တွင်းရှိ တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး ညီအစ်ကို မိတ်ဆွေအဖြစ် ရပ်တည်သွားမည်ဟုဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ်များက တရုတ်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ဖော်ပြပါရှိသည်။

ပုံ-ကျောက်ဖြူမြို့ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင်အနီး ဝမ်းစာရှာနေကြသည့် ဒေသခံများ။ (ယခင်ပုံ)

လက်ရှိ၌ အာရက္ခတပ်တော်သည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှ လွဲ၍ ပြည်နယ်တခုလုံးနီးပါး သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပခဲ့သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မှာ မြန်မာနိုင်ငံကို သဝဏ်လွှာပေးပို့ တောင်းဆိုခဲ့ရာတွင် လက်ရှိဖြစ်ပေါ်နေသော နယ်စပ်နှင့် ရခိုင်ပြဿနာများကို ဖြေရှင်းရန် မြန်မာကို တောင်းဆိုထားသည်။

အလားတူ နယ်စပ်ထိန်းချုပ်မှုအပေါ် အာရက္ခတပ်တော် AA ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။

အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် အခြားနိုင်ငံများမှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button