ရခိုင်တောင်ပိုင်းဒေသတဝိုက် “စက်တင်ဘာလအတွင်း” စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှု မှတ်တမ်းဓာတ်ပုံများ
စက်တင်ဘာ ၂၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် စစ်စခန်းများကို တခုပြီးတခုလက်လွှတ်ဆုံးရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် မြို့များ၊ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခဲ့သည်မှာကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းများကြောင့် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အရပ်သားများနေထိုင်ရာ နေအိမ်များထိခိုက်ပျက်စီးခဲ့ရသည်။
ရက်သတ္တပတ်ပေါင်းများစွာ ပြတ်တောက်နေသည့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကြောင့် ပြည်သူလူထုနှင့် သတင်းမီဒီယာတို့ အပြန်အလှန်ဆက်သွယ်နိုင်ခြင်း မရှိသည့်အတွက် သတင်းဌာနများတွင် သတင်းတင်ပြနိုင်မှု၊ မှတ်တမ်းဓာတ်ပုံသက်သေအထောက်အထားတင်နိုင်မှုများ လွန်စွာခက်ခဲလျှက်ရှိသည်။
ယခု စက်တင်ဘာလအတွင်း ရခိုင်တောင်ပိုင်းဒေသရှိ လူနေမြို့ရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဒွါရာဝတီက လက်လှမ်းမီသလောက် စုစည်းတင်ပြ ထားခြင်းဖြစ်ပါသည်။ လက်လှမ်းမမီသည့် အခြေအနေများစွာ ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီလေတပ်သည် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို သြဂုတ်နှောင်းပိုင်းက စတင်ကာ ညအချိန် လေကြောင်းတိုက်ခိုက်မှုများစတင်ပြုလုပ်ခဲ့ကာ ဩဂုတ် ၃၁ရက်ညပိုင်းတွင် ခရိုင်ကျွန်းပေါ်ရှိ လက်ပံကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ဖုန်းအားသွင်းရာတွင် စောင့်ဆိုင်းနေသည့် ကလေးငယ်တဦး သေဆုံးခဲ့ရသည်။
ယခု စက်တင်ဘာ ၃ရက်နေ့ ည ၉နာရီကျော်တွင်စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့သဖြင့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာသို့ စစ်ရှောင်ရာမှ ပြန်လည်ရောက်ရှိနေထိုင်နေသည့် အသက် ၈၀ ဝန်းကျင် အရပ်သား သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး၊ ၁ဦးဒဏ်ရာရရှိခဲ့သည်။ ( မှတ်တမ်းပုံများ ဖော်ပြနိုင်ခြင်းမရှိခဲ့ပါ)
စက်တင်ဘာ ၁၆ရက်နေ့တွင် ကျိန္တလီမြို့နယ်၊ဆန္ဒားကျေးရွာဝန်းကျင်သို့ ဗုံးကြဲခဲ့ရာ ဝမ်းဗိုက်ပြင်းထန် ဒဏ်ရာ သူအပါအဝင် ၄ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းအစအနရရှိခဲ့သော်လည်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအခက်အခဲများကြောင့် သတင်းအသေးစိတ်နှင့် ဓတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။
အလားတူ တောင်ကုတ်မြို့နယ်၊ ရွာမတိုက်နယ်သို့ စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီ ၄၀ အချိန်တွင် တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးကြဲချရာ ကလေးငယ်တဦးနှင့် တက္ကသိုလ်ကျောင်းသားတဦး သေဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် သံတွဲမြို့ကို စက်တင်ဘာ ၂၄ နံနက် ၈နာရီဝန်းကျင်အချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ၂၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Arakan Princess Media(APM)တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထား သည်။
မြန်မာပြည်အနှံ့အပြားတွင်ဖြစ်ပျက်နေသည့် အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲများ အတွင်း စစ်နှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပိုင်ဆိုင်မှုများ၊ အများပိုင် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ စသည့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နိုင်ငံပိုင်အဆောက်အအုံများစွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သက်သေအထောက်အထားများစွာ ရှိခဲ့ပြီးဖြစ်သည်။
ယခုဖော်ပြပါ သတင်းဓာတ်ပုံများသည် ရခိုင်ပြည်တောင်ပိုင်းဒေသ၌ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှုမှတ်တမ်းသက်သေများကို ဒေသခံများက မှတ်တမ်းတင်ထားသည်ကို ဒွါရာဝတီကပြန်လည် စုစည်းဖော်ပြခြင်းဖြစ်ပါသည်။