Press Photo

နပခကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းပုံရိပ်အချို့ AA ထုတ်ပြန်

ဒွါရာဝတီ၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၄။

ရခိုင်ပြည်၊ အမ်းမြို့၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော်(အေအေ)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းများ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရုပ်သံမှတ်တမ်းတွင် အေအေ သည် တင့်ကား၊ ဟောင်ဝှစ်ဇာအမြောက်များ၊ လေယာဉ်ပစ်သေနတ်၊ စနှိုက်ပါ၊ ဒရုန်း၊ ရှော့တိုက်ဒရုန်းများကို အသုံးပြု သွားသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီတပ်သားများကို စနှိုက်ပါဖြင့် ချေမှုန်းသည့်ရုပ်သံမှတ်တမ်းတွင် ဆက်တိုက်ပစ်ခတ်နေသည့်ရန်သူကို စနှိုက်ပါဖြင့် ချေမှုန်းခဲ့သည့် မှတ်တမ်းကိုလည်း တွေ့မြင့်ရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ မြေပြင်က စစ်သားများကို လက်နက်ရိက္ခာများချပေးသော်လည်း အဆိုပါ လက်နက် ခဲယမ်းရိက္ခာများကို ယူချိန်ပင် မရလိုက်ဘဲ လက်နက်ချလိုက်ရသည်။ ထို့ကြောင့် အာရက္ခတပ်တော်(အေအေ) သည် တပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များအပြင် လေယာဉ်ဖြင့် ထပ်မံထောက်ပို့ပေးခဲ့သည့် လက်နက်ခဲယမ်းများကိုပင် ရရှိခဲ့သည်။

အာရက္ခတပ်တော်(အေအေ)သည် ဖမ်းဆီးရမိသည့် ဗိုလ်မှူးချုပ်များအပါအဝင် စစ်ကောင်စီ၏ နောက်လိုက် တပ်ဖွဲ့ဝင်များကို ကောင်မွန်းစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး ဒဏ်ရာရသူများကို ဆေးဝါးကုသပေးနေသည့် မှတ်တမ်းများကိုလည်း ကြည့်ရှုရသည်။

ရုပ်သံ၏အဆုံးပိုင်းတွင် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကို အင်တာဗျူးထားသည်ကို တွေ့ရသည်။

အင်တာဗျူး၌ “မင်းတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)တွေအနေနဲ့ ခေါင်းဆောင်မှုမပီသ သူတွေရဲ့အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်း မပြုကြဖို့နဲ့ အာရက္ခတပ်တော်နှင့် အမြန်ဆက်သွယ်ပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီး လက်နက်ချကြပါ။” ဟု ဖြေကြားခဲ့ သည်ကို တွေ့ရသည်။

“အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးရတာက စစ်ကူစစ်ကြောင်းတွေ အချိန်မီရောက်ရှိလာခြင်း မရှိခြင်းနဲ့အတူ ရောက်ရှိလာတဲ့ စစ်ကူစစ်ကြောင်း တချို့ဟာလဲပဲ အာရက္ခတပ်တော်ရဲ့ ဝိုင်းပတ်ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးလံ ဝိုင်းပတ် ထိန်းချုပ်တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာဆေးဝါး၊ ခဲယမ်း၊ ရေ ပြတ်တောက်လုံလောက် မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်။ အရာရှိစစ်သည်များကလည်းပဲ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပါတယ်။ သောက်စရာရေ မရှိတော့တဲ့အထိ အစွမ်းကုန် မိမိတို့ဟာ ခုခံကာကွယ်ခဲ့ရပါတယ်။ သို့သော်လည်းပဲ အာရက္ခ တပ်တော်ရဲ့ တိုက်ခိုက်မှုပုံစံတွေနဲ့ တိုက်စွမ်းရည်တွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးခဲ့ရပြီး ကျနော်တို့တွေ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။” ဟု သုံးသပ်ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များကိုလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ယခုကဲ့သို့ အမှာစကားပြောခဲ့သည်။

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက် ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ အကြမ်းဖက်နေတာတွေ ရပ်တန့်ပေးပါ။ ဆက်လက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကျည်းမှုတွေကိုပဲ မျိုးဆက် အလိုက်ရရှိခံစားရမယ်ဆိုတာကို သိစေချင်ပါတယ်။”

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button