ArticleInterview

“ဆင်ခေါင်းမှာ ဘာတွေဖြစ်ခဲ့သလဲ”

//ဒွါရာဝတီ//

သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန် ၄ ရက်၊ ၅ ရက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။ စစ်ကောင်စီသည် အရပ်သားပြည်သူများရှိရာ ဆင်ခေါင်းကျေးရွာကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ရာ အရပ်သားပြည်သူ ရာချီသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြသည်။ စစ်တပ်၏ ပစ်ခတ်မှုများ ကြားမှ အသက်လုကာ ထွက်ပြေးလွတ်မြောက်လာသူတဦးနှင့် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ဒွါရာဝတီ။ ။ လေယာဉ်ဗုံးကြဲတဲ့အချိန်အတိအကျကို ပြောပြပေးပါလား။ အဲ့အချိန်မှာ အစ်ကိုက ဘာတွေလုပ်နေလဲ။

ဒေသခံ။ ။ လေယာဥ် ဗုံးကြဲချိန်ဟာ ဇွန် ၄ ရက် နေ့လယ် ၁၁ နာရီ ၁၀ မိနစ်လောက် (ခန့်မှန်း)ပါ။ နာရီကတော့ သေချာပါတယ်။ ဘာလို့ဆို ကျနော်အလုပ်လုပ်နေချိန်မို့ သိတာပါ၊ ၁၅ မိနစ် ထက်တော့ မကျော်ဘူးဗျာ။

ဇွန်လ ၄ ရက်နေ့က မနက် ၈ နာရီကျော်လောက် ဆင်ခေါင်း-မော်ဖျားကမ်းစပ် ပုစွန်ဒိုင် ၁ခု ရှေ့ကို လက်နက်ကြီးကျပါတယ်။ အဲ့အသံက အရင်ကြားနေကျ အသံတွေထက် ပိုကျယ်တော့ လူတိုင်းလိုလို အဲ့ချိန်လောက်ကတည်းက နည်းနည်းတော့ သို့လော သို့လောဖြစ်နေကြပြီပေါ့။ ဘယ်သူ့ ဒိုင်နားကျတယ် ဘယ်လိုဘယ်ဝါပေါ့။

နေ့လယ် ၁၁ နာရီစွန်းစွန်းမှာ လေယာဉ်သံတွေကြားတယ်။ သိပ်မကြာဘူး လေယာဉ်နိမ့်နိမ့်လေး ဆင်းပျံလာတဲ့ အသံကြားပြီး အုန်းကနဲပဲဗျာ အိမ်ပါတုန်သွား တယ်။ ကျနော်တို့ အိမ်ရှေ့ကို စကားပြောဖို့ရောက်နေတဲ့လူတောင် ရုတ်တရက်လန့်ပြီး အိမ်နောက်ဖေး ဘယ်လို ခုန်ကျော် ရောက်သွားတယ်မသိ။

ဒီအလုံးကတော့ ငါတို့ရွာကို ချပြီ၊ ကျပြီ ဘယ်နားကျတယ်သာ မသိဘူးပေါ့။ အိမ်က ကလေးတွေနဲ့ အဒေါ်တို့ကတော့ ဘေးအိမ်ရှေ့အိမ်တွေဆင်းပြေး၊ ခိုင်ခန့်မယ် လုံခြုံမယ် ထင်တဲ့နေရာတွေ ဝင်ပုန်းနေ၊ အဲ့သလို ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တယ်။

ဗုံးကြဲတာ မြင်လိုက်တဲ့ ကောင်လေးတစ်ယောက်ပြောစကားအရဆို မီးခိုးလုံးတွေ တက်လာတာပါ မြင်လိုက်တယ်။ ယမ်းနံ့တွေပါရလိုက်တယ်တဲ့။

ဒွါရာဝတီ။ ။ ဗုံးကြဲလို့ ပထမဆုံးထိခိုက်တဲ့နေရာနဲ့ အစ်ကိုနေတဲ့နေရာနဲ့ ဝေးလား။

ဒေသခံ။ ။ဟုတ်ကဲ့။ ဝေးပါတယ် ကျနော်တို့က ရွာထဲပေါ့။ ကြဲခံရတာက မော်ဖျား၊ အုန်းခြံဆိုတော့ ဝေးပါတယ်။ ဒါပေမဲ့ အသံဟာ အရင်ကြားဖူးနေကျ သံတွဲတိုက်ပွဲ အတွင်း ကြားနေရတဲ့ အသံတွေထက် အဆမတန်ကျယ်ပါတယ်။ အုန်းကနဲပါပဲ။ ကျနော့်အိမ်ထဲ ရောက်နေသူ ၁ယောက်ဆို ထခုန်ပြီးကျော်လွားသွားတာ အရှေ့ကနေ အနောက်ရောက်ပါတယ်။

ဒွါရာဝတီ။ ။ ဘယ်လိုတွေ ထိခိုက်ပျက်စီး၊ သေကြေတာတွေ မြင်ရ၊ ကြားရလဲ။

ဒေသခံ။ ။ ခုနက လေယာဉ်ကနေ ဗုံးကျဲတာ ဘယ်သူတော့ လည်ပင်းပြတ်ပြီး သေပြီ၊ ဘယ်သူတော့ ဘယ်လိုထိတယ်၊ ဘယ်သူ့အိမ်ကိုကျတယ် ဆိုတဲ့ သတင်းတွေ ကြားရပြီး ကလေးတယောက် ခေါင်းမှာ သွေးချင်း ရဲရဲနဲ့ ရွာထဲကို တက်လာတာ တွေ့ရပါတယ်။ တချို့အိမ်က ကားတွေ ထုတ်၊ ဆိုင်ကယ်တွေ တဝီဝီ၊ သုံးဘီးတွေ တဖုန်းဖုန်းနဲ့ ရှုပ်ယှက်ခတ်ကုန်တာပါပဲ။ အထူးသဖြင့် မော်ဖျား နဲ့ အုန်းခြံထဲကလူတွေ အကုန်လုံးနီးနီး ရွာထဲကို အထုပ်ကိုယ်စီနဲ့ပြေးတက်လာကြတာပါ။

ကျနော်လည်း အိမ်အပြင်ထွက်၊ အနီးအနားအပိုင်းတွေ ဆိုင်ကယ်နဲ့ လျောက်ကြည့်တော့ မော်ဖျား၊ အုန်းခြံထဲက လူတွေ( အုန်းခြံထဲ ဆိုတာ ရပ်ကွက်တစ်ခုပါ) ကျောင်းနားပိုင်းလမ်း အပြည့် ကစဉ့်ကလျား ပြေးထွက်လာ ကြတာ။ ဆိုင်ကယ်တောင် မနည်းမောင်းယူရတယ်။ ပြေးထွက် လာကြတယ်ဆိုတာလည်း မော်ဖျားကနေ ရွာထဲက ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိူးသားချင်း အိမ်တွေကိုပါ။ အဲ့ဒီအချိန်မှာ ဘယ်သူမှ ဘာလုပ်ရမယ် မစဉ်းစားမဆုံးဖြတ်နိုင်ကြသေးပါဘူး။

ပတ်ဝန်းကျင် အခြေအနေတွေ လေ့လာရင်း ကျနော် ကျန်းမာရေးမှူးအိမ်ကိုရောက်သွားတော့ ခုနက ခေါင်းမှာ သွေးချင်းရဲနေတဲ့ ကလေး အပါအဝင် အမျိုးသားကြီးတယောက်၊ သက်ကြီးပိုင်း အရီး ၁ ယောက်ကို တွေ့ရပါ တယ်။

သက်ကြီးပိုင်း အရီးကိုတော့ ကျန်းမာရေးမှူးက ဆေးပုလင်းချိတ်ပေးထားတာတွေ့ရပြီး။ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားပုံတော့ မပေါ်ပါဘူး။ သက်ကြီးပိုင်းဆိုတော့ သွေးလန့်သွားတဲ့ ပုံစံမျိုးပါ။

အမျိုးသားကြီး (ဦးကြီး) အရွယ် ၁ ယောက်ကတော့ ခေါင်းမှာပတ်တီးနဲ့ ကျောပြင်မှာ စုတ်ပြဲ ဒဏ်ရာနှစ်ချက် သုံးချက်တွေ့ရပါတယ်။ ကလေးငယ်လေးက ခေါင်းမှာ ပတ်တီးစည်းထားလို့ ဘယ်လောက်ထိတယ် မသိရပေမဲ့ လက်မောင်း ၂ ဖက်မှာ စုတ်ပြဲဒဏ်ရာတွေဟာ တော်တော်များပါတယ်။

ယပ်ခပ်ပေးသူ ခပ်၊ ကျန်းမာရေးဝန်ထမ်းတွေက ဆေးပုလင်းသွားယူခိုင်းလို့ ယူပေးတဲ့သူ ယူပေး၊ ခုနက ဆေးသွင်းထားရတဲ့ အရီးကို ကူပေးတဲ့သူ ကူပေးနဲ့ ကျန်းမာရေးမှူးအိမ်မှာ ဝိုင်းကူပေးနေကြပါတယ်။ အဲ့ဒီအချိန်ထိ သေဆုံးသူဟာ ဗုံးကျဲပြီး ပွဲချင်းပြီးသေသွားတဲ့ မဟေမာန် ဆိုတဲ့ ၁ ယောက်ပဲ ရှိပါသေးတယ်။

သေဆုံးတယ်ဆိုတာ မဟေမာန်ဦး အကြောင်းကို အဲ(လေယာဉ်)ကြဲပြီးချိန် ခဏကြာတော့ ပြောနေဆိုနေကြပြီ မို့လို့ ကြားခဲ့ရတယ်၊ ကိုယ်တိုင် မမြင်တော့မမြင်ခဲ့ရဘူး။

ဒွါရာဝတီ။ ။ အဲ့အချိန်မှာ တခြားကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အခြေအနေတွေကရော ဘယ်လိုတွေရှိ နေသလဲ။

ဒေသခံ။ ။အများစုဟာ အဲ့ဒီအချိန်မှာ နီးစပ်ရာ ဆိုင်ကယ်၊ ကား၊ သုံးဘီးတွေနဲ့ စပြေးတဲ့အချိန်ပါပဲ။
ပြေးကြတယ်ဆိုတာမှာလည်း ဗုံးကြဲခံရတဲ့ မော်ဖျား၊ အုန်းခြံ အဲ့ကနေ တက်လာရင် ကျောင်းနားပိုင်း အစရှိတဲ့ အပိုင်းတွေက တကယ် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို မြင်နေတွေ့နေရတော့ ရှေ့ဆုံးကနေ ပြေးကြတာပါ။

ကျန် အပိုင်းတွေကကျတော့ ဗုံးကြဲသံတော့ ကြားပေမဲ့ ဘယ်သူတွေသေဆုံးတယ်၊ ထိခိုက်တယ်၊ ဘယ်အိမ်ကို တော့ ဗုံးကျတယ်၊ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်နေကျတယ်ဆိုတာ မမြင်၊ မသိကျတော့ ပြေးတဲ့အထဲမှာ သူတို့က နည်းနည်းနောက်ကျပါတယ်။ အများစုက ဆင်ခေါင်း ရွေလှေ လမ်းအတိုင်း ခြေလျင်တမျိုး သုံးဘီး ဆိုင်ကယ် ကားတွေနဲ့ ရရာဆွဲပြီး ပြေးကြတာပါ။

ကြံ့ခိုင်ရေး ထောက်ခံသူအများစုရှိတဲ့ အပိုင်း(ရပ်ကွက်)ဟာ လုံးဝ ဗုံးကြဲခြင်း မခံရပါဘူး။ မဟေမာန်ဦးပြီး နောက်ထပ် ကျောင်းဆရာမလေး သေဆုံးတာဟာ ညနေ ၄ နာရီကျော် ဗုံးကြဲချိန်မှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီကျော် ဗုံးကျဲတာဟာ အုပ်ချုပ်ရေးမှုးအိမ်နဲ့ ဘေးပတ်ဝန်းကျင် အိမ်တွေပါ။ ဗုံးစလား၊ လွင့်စင်လာတဲ့ တခြားအပိုင်းအစလား မသိ၊ ပေါင်မှာ စိုက်နေတဲ့ ထိခိုက်ဒဏ်ရာရသူဟာ အုပ်ချုပ်ရေးမှူးရဲ့ ဘေးအိမ်ကပ်လျက် အုပ်ချုပ်ရေးမှုးရဲ့ ယောက်ဖ တော်စပ်သူ ဖြစ်ပါတယ်။ ရုတ်ရုတ်သဲသဲ ကစဥ့်ကလျား ထွက်ပြေးကျချိန်ဟာ နေ့လယ် ၁၂ နာရီကနေ ၂ နာရီ အတောအတွင်း မှာ အများဆုံးအချိန်ပါ။

ဒွါရာဝတီ။ ။ ဘယ်အချိန်မှာ အစ်ကို အိမ်ကနေ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရသလဲ။

ဒေသခံ။ ။ ဇွန်လ ၄ရက်နေ့ နေ့လယ်မှာ ပြေးပါတယ်။ ကျနော်တို့ပြေးပြီး ညနေ 4 နာရီကျော်လောက် ဗုံးထပ်လာကျဲတာဟာ ဆင်ခေါင်း အုပ်ချုပ်ရေးမှူးရဲ့ အိမ် ပတ်ဝန်းကျင်နဲ့ ရခိုင်စုရပ်ကွက်ပါ။ ဆင်ခေါင်း အုပ်ချုပ်ရေးမှူးဟာ တပ်တော်ရဲ့ ထိန်းသိမ်းခြင်းကို ရှေ့သုံးပတ်လောက်ကတည်းက ခံထားရသူပါ။

နောက်တခု ရခိုင်စုဆိုတာကတော့ ရခိုင်မြောက်ပိုင်းက ပြောင်းရွေ့နေထိုင်သူများ နေထိုင်တဲ့ ရပ်ကွက်ဖြစ်ပြီး တပ်တော်နဲ့ အဆက်အစပ်ရှိတယ်လို့ ရှေးနှစ်များစွာကတည်းက မြန်မာစစ်တပ်ရဲ့ သံသယဝင်ခံရဆုံး ဖမ်းဆီးထိန်းသိမ်းခံရဆုံး ရပ်ကွက်ဖြစ်ပါတယ်။

ဒွါရာဝတီ။ ။ အရေးကြီးပစ္စည်းတွေ ယူငင်နိင်ခဲ့သလား။

ဒေသခံ။ ။ တန်ဖိုးရှိ ပစ္စည်းတွေ ဆန်၊ ဆီ၊ ဆား၊ လုပ်ငန်းသုံး ရေယာဥ်တွေ အားလုံး ဒီအတိုင်းထားပြီး ထွက်ပြေးလာရကြပါတယ်။

ဒွါရာဝတီ။ ။ အခု ဘေးလွတ်ရာကိုရောက်နေပြီလား၊ အတူတူ ရှောင်ပေးလာကြသူ စုစုပေါင်း ဘယ်နှစ်ဦး လောက် အစ်ကိုနဲ့အတူတူရှိနေကြသလဲ။

ဒေသခံ။ ။ ဘေးလွတ်ရာကို ရောက်ပါပြီ။ အတူတူ ကျနော်တို့အစု မှာ ၈ ယောက်ပါ။ ကျန်တဲ့ရွာကလူတွေလည်း ဒီမှာအများစုပါပဲ။ တော်တော်များတယ်။

ဒွါရာဝတီ။ ။ မြင်တွေ့ကြားသိခဲ့ရတဲ့ အခြေအနေအပေါ် ခံစားချက်လေးပြောပြပေးပါ။

ဒေသခံ။ ။ ခံစားချက်ကတော့ဗျာ ကျနော်တို့ တခြားရွာကနေ တဆင့် ကားနဲ့တကယ် ထွက်လာကြချိန် ညနေ ၄ နာရီ ကိစ္စကြီးလည်းမဖြစ်သေးတော့ ငါဆင်းကျန်ခဲ့ရမလား ခဏခဏတွေးမိတယ်။ မျက်ရည်ဝဲတယ်။ ငါကိုယ်လွတ်ရုန်းထွက်လာသလိုဖြစ်နေလား၊ အိမ်နီးနားချင်းတွေကော၊ ကျနော်တို့ပြေးချိန် တချို့ မပြေးကြသေး ဘူးလေ။

ဒွါရာဝတီ။ ။ ဘဝမှာ ဒီလိုကြုံရဖူးမယ်လို့ တွေးမိဖူးလား။
ဒေသခံ။ ။ ကျနော်က အမှန်အတိုင်းပြောရရင် ဆင်ခေါင်းဟာ ခုလိုဖြစ်မယ်လုံးဝကို မထင်ထားခဲ့ဘူး။ တိုက်ပွဲ ဧရိယာထဲလည်း မဟုတ်။ စစ်ရေးအရ ဗျုဟာကျ အရေးပါတဲ့နေရာလည်းမဟုတ်။ ဆင်ခေါင်းမကြဲခင် ဇွန် ၂ ရက် လောက်က ဂေါ့နဲ့ ဆင်ကြပ်ဖက်က အသံတွေကြားနေရတော့ ဒီလိုပဲ အသံတွေကတော့ ရိုးတောင်ရိုး နေပြီ။ ဆင်ခေါင်းကို ဂေါ့ဖက်က တခါတလေ လှမ်းပစ်လို့လာထိတာမျိုး အဲ့လိုလောက်ပဲ တွေးမြင်ထားတယ်။

အားလုံးကတော့ ဗုံးကြဲခံရပြီးချိန်မှာ အိမ်အပြင်တွေထွက် ဟိုဒီပတ်ကြည့်တယ်။ တချို့ဖုန်းတွေ ထုတ်ဆက် တယ်။ လိုင်းများရ မလားပေါ့။ ကျနော်ကတော့ ကလေးနဲ့ မိန်းမကို ဘေးကင်းမဲ့နေရာမှာ ခဏထားပြီး ဟိုဒီပတ်ကြည့်၊ ရန်ကုန်က အိမ်ကို ဖုန်းလှန်းဆက်နေတာပါ။ ရုတ်တရက်တော့ ဘုန်းကြီးကျောင်းလောက်၊ ညောင်ခြေထောက်(အနီးအနားရွာ)လောက်ပဲ ပြေးမယ်တွေးမိတာပါပဲ။ တကယ်ထိတဲ့နေရာကလူတွေကတော့ အုံနဲ့ကျင်းနဲ့ ရွာထဲကို ပြေးတက်လာနေကျပြီပေါ့ အဲ့ချိန်။ သေဆုံးတာကိုတော့ အုန်းခြံထဲကလူတွေ မျက်မြင်ကိုယ် တွေ့မြင်ခဲ့ ကြုံခဲ့ရမှာ အသေချာပါပဲ။

ဒွါရာဝတီ။ ။ ကိုယ်ထွက်ပြေးလွတ်မြောက်လာပြီး နောက်ပိုင်း ရွာမှာ ကျန်ခဲ့ကြသူတွေနဲ့ အဆက်အသွယ် ရလား၊ သူတို့ဘာတွေပြောကြလဲ။

ဒေသခံ။ ။ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးဟာ ဆင်ခေါင်းရွာမှာ ဖြတ်တောက်ခံထားရတာ လချီနေပါပြီ။ ဖုန်းပြောချင်ရင် ဆင်ခေါင်းရွာ မော်ဖျားကမ်းစပ်၊ ငပလီနဲ့ နီးတဲ့နေရာတွေမှာ လိုင်းနည်းနည်း ရတတ်လို့ အဲ့ဒီနေရာတွေမှာ ဖုန်းသွားသုံးရပါတယ်။

နည်းနည်းနောက်ကျမှ ထွက်ပြေးလာသူရဲ့ ပြောပြချက်အရ နေ့လယ် ဗုံးကြဲပြီးတာနဲ့ နေဗီက တိုက်ခိုက်ရေး စစ်ရေယာဥ်ဟာ ဆင်ခေါင်းပင်လယ်ဝ(တံခါးဝ) တည့်တည့်မှာ ပေါ်လာပြီး ဆင်ခေါင်းရွာတည့်တည့်ကို ချိန်ရွယ်ထားတာ မြင်ခဲ့ရတယ်တဲ့။ နည်းနည်းနောနော သင်္ဘောကြီး မဟုတ်၊ အရင်မြင်ဖူးတာတွေ ထက်ပိုကြီး တယ်လို့ဆိုပါတယ်။

ဆင်ခေါင်းပင်လယ် တံခါးဝကနေဆို ဆင်ခေါင်းရွာနဲ့ ၁ မိုင်တောင် မဝေးတော့တဲ့ အနေအထားပါ။ အဲ့ကနေ လှမ်းပစ်ရင် ဘယ်လောက်အထိနာလိုက်မလဲ တွေးကြည့်ကြပါဗျာ။ နောက် သိရသလောက် ဇွန် ညနေ ၄ နာရီ ဗုံးကျဲတာဟာ အဲ့ဒီအုပ်ချုပ်ရေးမှူးရဲ့ အပိုင်းနဲ့ ရခိုင်စုရပ်ကွက် ဖြစ်ပါတယ်။ ညပိုင်းထပ်လာကြဲချိန်မှာ အိမ်စောင့် ကျန်ခဲ့သူအချို့ပါ ခြေကျင် လမ်းလျောက်ပြီး ထပ်ထွက်ပြေးရတယ်လို့ သိရပါတယ်။ နောက် ဇွန်လ ၅ ရက် မနက်အစော ကြဲတာဟာ ရခိုင်စုဘက်နဲ့ အုန်းခြံထဲလို့သိရပါတယ်။

ဒွါရာဝတီ။ ။ ဆင်ခေါင်းရွာကို အာရက္ခတပ်တော်(အေအေ) ရောက်ခဲ့သလား။

ဒေသခံ။ ။ ဟုတ်ကဲ့။ ဇွန်လ ၄ ရက်မတိုင်ခင် အစောပိုင်း ကာလ လင်းသီ၊ ရွှေလှေ တိုက်ပွဲတွေ ပြီးတဲ့အခါ တပ်တော်(AA) က အရာရှိ စစ်သည်တချို့ ဆင်ခေါင်းကို ဆင်းလာကြတာတွေရှိတယ်။ အဲ့တလောမှာ ခပ်စိတ်စိတ်ပဲ ဆင်ခေါင်းကို ဈေးလာဝယ်တာနဲ့ အခြား သူတို့ ကိစ္စ အကြောင်းအရာတွေ ရှိမှာပေါ့လေ။

သူတို့က ကိုယ်တွေရွာခံတွေထက်တောင် နယ်မြေဒေသ အခြေအနေ အကြောင်းအရာအားလုံးကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ပြည့်ဝထားပြီးသား မျက်နှာအနေအထားတွေနဲ့ပါပဲ။
ဆိုလိုတာဗျာ သူတို့လာတယ်ဆိုပြီး ကင်းစောင့်ခိုင်းတာမျိုး၊ လုံခြုံရေးယူခိုင်းတာမျိုး၊ ဘယ်သူ့ကိုမှ မယုံမကြည် ကျီးလန့်စာစား ဖြစ်နေတာမျိုး၊ အာဏာပါဝါပြပြီး ခိုင်းစေတာမျိုး အော်ငေါက်တာမျိူး လုံးဝ မရှိဘူးဗျ။ အားလုံး သက်တောင့်သက်သာ အေးဆေးပဲ။

ဆင်ခေါင်းက လူအများစုဟာ သတင်းပေးတာ ဘယ်သူဘယ်ဝါတွေဆိုတာ သိထားကြပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆန်သွားမှာစိုးလို့သာ By Name တွေထည့် မပြောတော့တာပါ။

ဒွါရာဝတီ။ ။အေအေတွေရောက်နေလို့ ရွာကို အခုလိုလုပ်တယ်ဆိုတဲ့ စကားတွေအပေါ် အစ်ကို ရွာသားတယောက်အနေနဲ့ ဘယ်လို တုန့်ပြန်ချင်လဲအစ်ကို။

ဒေသခံ။ ။ရခိုင်ပြည်ကို ရခိုင်လူမျိုးတွေ ရောက်တာဘာဆန်းလို့လဲဗျာ။ တပ်တော်ရဲ့ ရပ်တည်ချက်၊ တပ်တော်ရဲ့ စိတ်ဓာတ်ယုံကြည်ချက်ကို ကျနော် အကြွင်းမဲ့ ယုံကြည်တယ်၊ ကျနော်လည်း ခေတ်ပညာတတ် ၁ ယောက်ပါ။ တပ်တော်ရဲ့ မူဝါဒနဲ့ လုပ်ပုံကိုင်ပုံမှာ ဟိုအရင်လို မြောက်ပိုင်းရခိုင်တွေက တဇောက်ကမ်းတွေ ဆိုတဲ့ပုံစံမျိုးသာ ရှိခဲ့မယ်ဆိုရင် ကျနော်ထောက်ခံနေမှာ မဟုတ်ဘူး။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button