LetterPeople Voice

//ပြည်သူ့ပေးစာကဏ္ဍ//

သို့ ….

ဒွါရာဝတီ

တနိုင်ငံလုံး စားဝတ်နေရေး ခက်ခဲပြီး အစားအစာရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့ အထဲကမှ ရခိုင်ပြည်နယ်၊ သံတွဲ-ဂွ အဝေးပြေးလမ်းအပိုင်းမှာရှိတဲ့ ပေါက်တူးကျေးရွာက မိသားစုတစုအဖို့ အင်မတန်ခက်ခဲနေ ပါတယ်။

သံတွဲမြို့က မိုင် ၂၀ ဝန်းကျင်အကွာ ပေါက်တူးကျေးရွာမှာ နေထိုင်နေတဲ့ အသက် ၈၀ကျော် ဦးတင်မောင်နဲ့ အသက် ၇၀ကျော်ဒေါ်စောတင်တို့ဟာ မျက်မမြင်သမီးတယောက်၊ မြေး ၃ယောက်နဲ့ အတူနေထိုင်ပြီး တနေ့လုပ်တနေ့စားဘဝနဲ့ ရပ်တည်နေထိုင်ကြပါတယ်။

ဒီလိုရပ်တည်နေရချိန်မှာ ဆန်ကြမ်းတပြည်ကို ၅ ထောင်ဈေးလောက်ဖြစ်နေတော့ စားဝတ်နေရေးအတွက် ခက်ခဲနေရပြီး ကလေးတွေကိုသာ ဝအောင်ကျွေး၊ လူကြီးတွေက မစားဘဲ နေရတဲ့ရက်တွေ များနေပြီလို့ ဆွေမျိုးတော်စပ်သူ တဦးက ဆက်သွယ်ပြောပြလာပါတယ်။

“ကျနော်တို့လည်း ပေးနိုင်သလောက်ပေးနေပေမယ့် နေ့တိုင်းအတွက် မတတ်နိုင်တော့တဲ့ အခြေအနေဖြစ် လာပါတယ်” လို့ ပြောပါတယ်။

အခုလို ခက်ခဲနေချိန်မှာ အချင်းချင်း ကူညီဖေးမပေးဖို့ လိုအပ်နေပါတယ်။ ဦးတင်မောင်တို့မိသားစုလို မိသားစုမျိုးတွေ ဘယ်လောက်တောင်များနေပြီလဲဆိုတာ မသိနိုင်ပါဘူးခင်ဗျာ။ ပေါက်တူးကျေးရွာဟာ သံတွဲနဲ့ ကျောက်ကြီးကျေးရွာကြားက နွားခြံရွာအလွန်က မောင်းဆွဲကျေးရွာ ကနေတဆင့် ဖဲ့ဆင်းရတဲ့ အတွင်းဘက်ကျတဲ့ ကျေးရွာဖြစ်ပါတယ်။

မြို့ကွင်းကျေးရွာနဲ့ တဖက်တကမ်း ဖြစ်ပါတယ်။ ဦးတင်မောင်တို့ မိသားစုအတွက် စားနပ်ရိက္ခာလေး ဝိုင်းဝန်းကူညီချင်တယ်ဆိုရင် ပေါက်တူးကျေးရွာကို စုံစမ်းကူညီနိုင်ပါကြောင်း အခုလိုခက်ခဲနေချိန်မှာ တဦးနဲ့တဦး စားသောက်စရာ အကူအညီပေးနိုင်ဖို့ ဒွါရာဝတီ အယ်ဒီတာများထံမှတဆင့် ပေးပို့ဆက်သွယ် ရေးသားတင်ပြအပ်ပါတယ်။

သံတွဲပြည်သူတဦး

၂၃. ၄. ၂၀၂၄။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button