လင်းမြရည် ရေးသည်။
ဒွါရာဝတီ၊ မတ် ၂၀၊ ၂၀၂၆။
နွေရာသီကျောင်းပိတ်ရက်ရှည်ကြီး စတင်ပါပြီ။
အရင်တုန်းကတော့ သိပ်မသိသာပေမယ့် ကလေးတွေအမေဖြစ်လာတော့ မိဘတွေအချင်းချင်း ဟာသအနေနဲ့ ပြောတတ်ကြတာက “ခြောက်ခြားဖွယ်ရာ မဟာကျောင်းပိတ်ရက်ရှည်ကြီး” တဲ့။
ကိုယ်တွေ ကလေးဖြစ်ခဲ့တဲ့အလှည့်တုန်းကတော့ နွေရာသီကျောင်းပိတ်ရက်ဆို တရပ်ကွက်လုံးက သူငယ်ချင်းအစုံရဲ့ အိမ်တွေမှာ တလှည့်စီ စုဝေးဆော့ကြတာ။ နေ့ခင်းနေ့လယ်မှာ ငြင်းသံခုန်သံဆူညံ နေတဲ့ ကိုယ်တွေရဲ့ အသံစုံတွေကြောင့် လူကြီးသူမတွေလည်း နေ့ခင်းနေ့လယ် ကောင်းကောင်းမနားရ။
“ဟိတ်ကောင်တွေ …. ဆူတယ်၊ ညံတယ်၊ သွားကြ၊ အဝေးကိုသွားကြ” လို့ လူကြီးတယောက်ယောက် အသံဝါကြီးနဲ့ အော်လိုက်ငေါက်လိုက်ရင် နောက်ထပ်သူငယ်ချင်းတယောက်ယောက်ရဲ့ အိမ်ကိုပြေးကြတာပဲ။ နောက်တအိမ်ကငေါက်ရင် နောက်တအိမ်ပေါ့။ သူငယ်ချင်းဆိုပေမယ့် ကိုယ့်ထက်နည်းနည်း ငယ်တဲ့သူ၊ နည်းနည်းကြီးတဲ့သူ၊ ကိုယ်နဲ့ရွယ်တူ အားလုံးဟာ တစုတဝေးတည်း ကစားကြတာ။
ကျောင်းမှာ တတန်းကြီးရင်တောင် အပိုင်း(ရပ်ကွက်ထဲ)မှာတော့ သူငယ်ချင်းပဲ။ ကျောင်းမှာ အတန်းငယ်တဲ့ သူကလည်း အပိုင်းမှာ သူငယ်ချင်းပဲ။ ကျောင်းက သူငယ်ချင်းနဲ့ အပိုင်းက သူငယ်ချင်းနဲ့ သံယောဇဉ်နဲ့ ရင်းနှီးမှုက ကျောင်းက သူငယ်ချင်းနဲ့ မတူကွဲပြားတာလေးတွေရှိတယ်။ အပိုင်းထဲက သူငယ်ချင်းတွေဆိုတာ တယောက် အကြောင်းတယောက် အူမ ချေးခါး မကျန်သိတယ်။ သူ့မိသားစု၊ ငါ့မိသားစု၊ သူ့မှာ ရှိတာ၊ မရှိတာ၊ ငါ့မှာရှိတာ၊ မရှိတာ အားလုံးကို ဘွင်းဘွင်းရှင်းရှင်း သိကြတယ်။ ပိုနီးစပ်ကြသလို၊ အားလုံးနီးပါးဟာ တယောက်ဘဝကို တယောက် ပိုနားလည်ကြတယ်။
ကျူရှင်ခေတ်လည်း မဟုတ်၊ ကစားကွင်းခေတ်လည်း မဟုတ်၊ ကစားကွင်းကို လိုက်ပို့တယ်ဆိုတဲ့ ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ခေတ်ဖြစ်တဲ့အခါ ဒီလိုပဲ ကျမတို့ဟာ သဘောမကောင်းတဲ့ လူကြီးတွေကို သည်းခံပြီး နေရာပြောင်းရွှေ့ ဆော့ကြရတာပါပဲ။
မနှစ်က အင်မတန်နာမည်ကြီးခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတခုဖြစ်တဲ့ Squid Game ထဲမှာပါတဲ့ ကစားနည်းတွေ အားလုံးဟာ သံတွဲမှာ မွေး၊ သံတွဲမှာကြီးတဲ့ ကျမတို့ သူငယ်ချင်းတစု ကစားဖူးတာတွေ ချည်းပဲ။
သစ်ပင်ဘက်လှည့်၊ မတ်တပ်ရပ်ပြီး သီချင်းဆို၊ နောက်ပြန်လှည့်ကြည့်လို့ လှုပ်တဲ့သူတွေရင် ပစ်တဲ့ဂိမ်းဆိုရင် ကျမတို့ ငယ်ငယ်က “ကျောက်ရုပ်တမ်းကစားနည်း” နဲ့ တူတယ်။
ကျောက်ရုပ်တမ်းကစားနည်းက မြေပြင်မှာ ဝါးတရိုက်စာလောက်အကွာအဝေးရှိတဲ့ စည်း ၂ ခု တားလိုက်ပြီး လူတယောက်က စည်းတခုမှာ နောက်လှည့်မကြည့်ဘဲ ရပ်နေရတယ်။ သူ့ကို “အပုပ်” လို့ နာမည်ပေးကြတယ်။ အပုပ်က “လက်မလှုပ်၊ ခြေမလှုပ်၊ ကျောက်ရုပ်” ဆိုပြီး ပါးစပ်က အော်သလို နောက်ဘက်ကို တခါတည်း လှည့်ကြည့်လိုက်ရတယ်။ နောက်စည်းတခုမှာက ကစားဖော် သူငယ်ချင်းတွေ တအုပ်ကြီးက သူ အော်ဆိုနေတုန်းမှာ သူ့အနားကို တိုးကပ်သွားရတယ်။ ပြန်လှည့်ကြည့်ချိန်မှာ မလှုပ်ရှားဘဲ ကျောက်ရုပ်လို ရပ်နေရတယ်။ လှုပ်တဲ့သူ၊ ရယ်မိတဲ့သူက “အပုပ်” ပြန်ဖြစ်တယ်။
နောက်တခုက Squid Game ထဲမှာပါတဲ့ လည်နေတဲ့အဝိုင်းကြီးပေါ်ကလူတွေက သီချင်းသံဆုံးတာနဲ့ အခန်းအလွတ်တွေမှာ နေရာဦးရတဲ့ဂိမ်းဆိုရင်လည်း ကျမတို့ ဘော်ဒါတသိုက်ရဲ့ “တိုင် ဦးတမ်း ကစားနည်း” နဲ့ အတူတူပဲ။
ဇယ်တောက်တမ်း၊ ကြိုးခုန်တမ်း၊ ပုန်းတမ်းလိုက်တမ်း၊ စစ်တိုက်တမ်း၊ ဒိုးပစ်တမ်း(ကျမတို့ခေတ်ကျ ဒိုးမပစ် ကြတော့ဘူး၊ ကျောက်ခဲပြားပြားတွေ ပစ်တမ်းကစားတဲ့ မ, ပစ်တမ်း) ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော်ကျော်ကတည်းက ကစားခဲ့တဲ့ နည်းတွေပေါ့။
ထုပ်စည်းထိုးတန်း၊ ဒီထိုးတမ်း၊ အတောင်တိုင်းတမ်း၊ ရှမ်းပလီထိုးတမ်း၊ လိပ်ဥဖွက်တမ်း၊ အုန်းသီး ပေါတဲ့အရပ် ဆိုတော့ အုန်းသီးခွံထောင်ပြီး ဘောလုံးနဲ့ ပစ်တမ်း(သံစည်ခွံပစ်တမ်းနဲ့ တူတယ်) စတဲ့ ကစားနည်း ပေါင်းစုံ ထောင်းလမောင်းကြေအောင်ကစားခဲ့ကြတယ်။
ဟိုးတုန်းက သံတွဲက ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ ရပ်ကွက်မှာ ခြေတံရှည်အိမ်တွေများကြတဲ့အခါ အိမ်အောက် ထပ်တိုင်းက ကိုယ်တွေအတွက်တော့ ကစားကွင်းပဲ။ အဲဒီအိမ်တိုင်းက လူကြီးတိုင်းကလည်း ကိုယ်တွေကို ဆူလို့ဆိုပြီး အော်ဟစ်မောင်းထုတ် ကြတာချည်းပဲ။
ငါတို့တုန်းကလည်း ဒီလိုပဲ ဆော့ခဲ့၊ ဆူခဲ့ကြတာပဲလေ ဆိုတဲ့အတွေးနဲ့ ဘယ်လူကြီးတွေကမှ သည်းမခံကြဘူး။ သူတို့ငယ်ငယ်ကလည်း အရပ်ကိုပတ်ပြီး ဒီလိုပဲဆူဆူညံညံဆော့ခဲ့ကြတာကို ပြန်သတိမရကြတော့ဘူး။ သူတို့ကို သည်းခံပေးခဲ့ရတဲ့ လူကြီးတွေရှိခဲ့ရင်တောင် အတုယူပြီး အခု သူတို့အလှည့်မှာ ကိုယ်ချင်းမစာကြဘူး။ သူတို့ငယ်ငယ်ကလည်း အခုလို မောင်းထုတ်ခံခဲ့ရလို့ ကိုယ်တွေကို ဂလဲ့စားချေသလားမှတ်ရတယ်။
ကျမတို့တွေကလည်း နွေရာသီကျောင်းပိတ်ရက်မှာ နေ့ခင်းနေ့လယ်လောက်ပဲ ဆော့ကြ၊ ကစားကြ တာလားဆို တော့ မဟုတ်ဘူး။ တနေ့ခင်းလုံး ထမင်းမေ့၊ ဟင်းမေ့ အရပ်ပတ်ဆော့ပြီးတဲ့အပြင် ညနေခင်း ရေချိုး၊ ထမင်းစားပြီးတဲ့အခါ မိုးနည်းနည်းချုပ်ပြီဆိုတာနဲ့ လမ်းမီးတိုင်အောက်မှာ လူစုကြသေးတာ။
အဲဒီတုန်းက ကျမတို့သံတွဲက လမ်းမီးတိုင်တွေက အခေါင်းပွ သံတိုင်ကြီးတွေ။ ညကျ ကစားကြမယ် ဟေ့လို့ ထွေထွေထူးထူးချိန်းထားတာမျိုး မရှိဘူး။ ဒါပေမဲ့ အလင်းရောင်ပျောက်တာနဲ့ လမ်းမီးတိုင်ကို မျက်စောင်းထိုးနေတာ။ မီးလာပြီဟေ့ဆိုတာနဲ့ မီးတိုင်အောက်ကို အရင်ဆုံးရောက်တဲ့သူတွေက အဲဒီသံတိုင် အခေါင်းပွကြီးကို ကျောက်ခဲတလုံးကောက်ပြီး ဂွမ်..ဂွမ် ကနဲမြည်အောင် ၂ ချက်၊ ၃ ချက် လောက် ထုလိုက်တာနဲ့ အိမ်အသီးသီးက အရွယ်စုံကလေးအသီးသီးက လမ်းမီးတိုင်အောက်ကို အလျှိုအလျှို ထွက်လာကြတာ။
ကားတွေ၊ ဆိုင်ကယ်တွေ သိပ်လည်းမပေါများသေးတဲ့အရပ်၊ တီဗီတွေ၊ ကွန်ပြူတာတွေလည်း မရှိတဲ့ အချိန်၊ လျှပ်စစ်မီးတောင် နပ်မမှန်ခင်ကာလတွေဆိုတော့ လမ်းမပေါ်က လမ်းမီးတိုင် အလင်းရောင် ဖြန့်ကျက်ထားသမျှ အကျယ်အဝန်းဟာ ကျမတို့အတွက် ကစားကွင်းပဲ။ အိမ်အောက်တွေထဲမှာ ဆော့သလိုမျိုး ဘယ်သူမှ ဟန့်မယ့်သူ၊ တားမယ့်သူမရှိ။ စိတ်လွတ်ကိုယ်လွတ် အသံကျယ်ကျယ် ကစားလို့ရတယ်။
လူကြီးတွေဝင်ပါစရာမလိုဘဲ ကလေးတွေမှာ သူတို့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ကစားနည်းအလိုက်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြတယ်။ အဖွဲ့လိုက်ကစားနည်းတွေမှာ အားနည်းသူ၊ ခွေးဝင်စားလို့ သတ်မှတ်ထားတဲ့ အရွယ်ငယ်ကလေးမျိုးတွေပါရင် ကစားနည်း ကျွမ်းကျင်တဲ့ အကြီးတွေက ကူကြတယ်။ တဦးချင်းကစားနည်းတွေထက် အဖွဲ့လိုက် ကစားနည်းတွေ ကနေ ကျမတို့ ဘာတွေရသလဲဆိုရင် ပေါင်းသင်းဆက်ဆံရေး အရည်အသွေးတွေ ရတယ်၊ တဦးတယောက်ချင်းစီအနိုင်ရရေးထက် အစုအဖွဲ့လိုက် ညီညီညွတ်ညွတ်ကစားပြီးရလာတဲ့ အနိုင်အရှုံးအဆုံးအဖြတ်ကို တန်ဖိုးထားကြတယ်ဆိုတဲ့ စကေးတွေရတယ်။
ကျမတို့ငယ်ဘဝ နွေရာသီကျောင်းပိတ်ရက်တွေဟာ သိပ်ကို တန်ဖိုးရှိခဲ့ကြတယ်။ ရိုးရာကစားနည်းတွေ ကနေတဆင့် ကျမတို့တွေ အများကြီး သင်ယူခွင့်ရခဲ့ကြတယ်။
တဖက်မှာ ပိုပြီး တိုးတက်ကောင်းမွန်တဲ့ ရုပ်ဝတ္ထုတွေပေါများလာသလို၊ တဖက်မှာလည်း မီးတိုင်အောက်က ကစားကွင်းတွေ၊ ခြေတံရှည်အိမ်အောက်က ကစားကွင်းတွေ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လာခဲ့တယ်လို့ ဆိုရမယ်။
ကျူရှင်ခေတ်၊ တီဗီခေတ်ကိုရောက်လာတော့ ကျမတို့တွေ ကိုယ်ပိုင်ကစားကွင်းတွေနဲ့ စပြီးဝေးကွာလာတယ်။ အဲဒီနောက်ပိုင်း ကွန်ပြူတာခေတ်၊ ဖုန်းခေတ်၊ ဂိမ်းခေတ်၊ ပြီးတော့ ပဋိပက္ခတွေကြောင့် တနယ်တကျေးစီ ခွဲခွာဝေးလွင့်ကြရတဲ့အခါ လမ်းမီးတိုင်အောက်က ကစားကွင်းတွေနဲ့ အပိုင်းထဲက ကစားဖော် ငယ်သူငယ်ချင်း ဆိုတာတွေဟာ အတိတ်မှာကျန်ခဲ့တဲ့ အက်ဆေးလေးတပုဒ်ပါပဲ။
အခုတော့ ကလေးတွေဟာ တနေရာပြီးတနေရာ ရွေ့ပြောင်းနေကြရတဲ့အခါ အပိုင်းထဲက သူငယ်ချင်း ရယ်လို့ အတည်တကျ မရှိနိုင်ကြတော့ဘူး။ တချို့ကလေးတွေဆို နွေရာသီကျောင်းပိတ်ရက်လည်းမရှိ၊ ကျောင်းတက် ခွင့်လည်း မရှိကြတော့ဘူး။
ဘယ်မှ မရွှေ့ပြောင်းဘဲ ကျန်နေခဲ့ကြတဲ့ ကလေးတွေကတော့ ကျမတို့ငယ်ငယ်တုန်းကလို လျှပ်စစ်မီး မရှိ၊ တီဗီ၊ ကွန်ပြူတာနဲ့ ဖုန်းတွေမရှိတဲ့ ခေတ်ဟောင်းတပတ်ပြန်လည်လာတဲ့ကြားထဲမှာ စီးမျောလိုက် ပါလို့။
ကျောင်းတက်ခွင့်မရှိတဲ့သူတို့အတွက် နေ့တိုင်းက ကျောင်းပိတ်ရက်တွေချည်းပဲ ဖြစ်နေမလား။ ကျမတို့ ငယ်ငယ်ကလို လွတ်လွတ်လပ်လပ်ကစားနေကြမလား။ လျှပ်စစ်မီးမရှိတဲ့အရပ်မှာမို့ လမ်းမီးတိုင်တွေ မလင်းတော့ပေမယ့် လပြည့်ရက်တွေမှာ သူတို့ စုဝေးဆော့ကစားနိုင်ကြလောက်တဲ့ စိတ်လုံခြုံမှုတွေ ရှိကြရဲ့လား။
ကျမတို့ငယ်ငယ်တုန်းကတော့ စစ်ကျန် လက်နက်တွေ၊ မပေါက်ကွဲ သေးတဲ့ ဗုံးသီးကျည်ခွံတွေ မရှိနေတဲ့အခါ ထူးဆန်းတဲ့ပစ္စည်းမို့လို့ စပ်စုရင်း ထုရိုက်ကြည့်ရာကနေ သေသွားတဲ့၊ ကန်းသွားတဲ့၊ ကျိုးပဲ့သွားတဲ့ ကလေးမျိုးဆိုတာလည်း မရှိခဲ့ဘူး။ မြေကြီးတိုင်းဟာ သန့်ရှင်းခဲ့တဲ့အခါ ကလေးတိုင်း ဟာ စိတ်လုံခြုံမှုအပြည့်နဲ့ ဆော့ကစားနိုင်ကြတယ်။
ကျမတို့တုန်းက “ဟိတ်ကောင်တွေ…ဆူတယ်.. တခြားသွားကစားကြ” ဆိုတဲ့ အော်သံကြီးတွေကို ကြောက်ခဲ့ရ တယ်။ အခု မျိုးဆက်က အသံကျယ်ကျယ်ကြားတာနဲ့ လေယာဉ်ဗုံးလာကြဲမလားဆိုတဲ့ စိတ်ဒဏ်ရာနဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး ဘေးလွတ်ရာပုန်းဖို့ ကြိုးစားနေကြမလား။
သံတွဲမှာကျန်ခဲ့တဲ့ အပိုင်းထဲက ကလေးတွေကို အောက်မေ့ပြီး တွေးမိတွေးရာတွေးနေတုန်း နွေရာသီ ကျောင်းပိတ်ရက်အစမှာ အော်ဟစ်ဆော့ကစားနေတဲ့ ကိုယ့်ကလေးတွေကြောင့် အတွေးအမျှင် ပြတ်သွားတယ်။
သူတို့ဆော့ကြ၊ ဆူကြပေမယ့် “ဟေး၊ တိတ်တိတ်နေကြ၊ ဆူတယ်”လို့ လိုက်ဟန့်တဲ့ လူကြီးဆိုးဆိုး တယောက် မဖြစ်ချင်ဘူး။ အော်ဟစ်ဆော့ကစားနိုင်တဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို သူတို့ဆီကနေ လုမယူချင်ဘူး။
ဘာလို့လဲဆိုတော့ အဲဒီလို အော်ဟစ်ရယ်မောနိုင်တဲ့ ကလေးဘဝတွေဟာ ကျမတို့ရဲ့ နောက်မျိုးဆက် တခုအဖို့ ဆုံးရှုံးနေပြီးသား အရာတွေထဲက တခု ဖြစ်နေပြီမို့ပါ။




