NewsPolitic

သမ္မတအမည်ခံခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျန်းမာ၊ ချမ်းသာဖို့ ဒေါက်တာအေးမောင်ပါတီ

ဆုတောင်းပေး၊ ရခိုင်ပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတ၊ ဒုသမ္မတများနှင့်ပူးပေါင်းကာ ဆောင်ရွက်လိုဟုဆို

ဒွါရာဝတီ၊ ဧပြီ ၅၊ ၂၀၂၆။

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ဖြစ်ပေါ်လာသည့် လွှတ်တော်မှ ရွေးကောက်တင်မြှောက်လိုက် သည့် အမည်ခံ သမ္မတ၊ ဒုသမ္မတများနှင့် ပူးပေါင်းကာ ရခိုင်ပြည် ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်လိုကြောင်းနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုမွန်ကောင်းတောင်းကြောင်း ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)က ဧပြီ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှု လုပ်ထုံးလုပ်နည်း များအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ဖြစ်ကြသော ဒုသမ္မတ(၁) ဦးညိုစော၊ ဒုသမ္မတ(၂) ဒေါ်နန်းနီနီအေး တို့အား ရခိုင့်ဦးဆောင်ပါတီ (AFP) မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုကြောင်း၊ ယခုပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း AFP က ထုတ်ပြန်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ရင်း ပြန်နိုင်ရေးနှင့် ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရအဖွဲ့သစ်နှင့်အတူ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် အသင့် ရှိနေကြောင်းနှင့် နိုင်ငံတော်သမ္မတကြီးနှင့် ဒုတိယသမ္မတများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ စွာဖြင့် ပြည်သူ့ အကျိုးကို အောင်မြင်စွာ သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ကြောင်း AFP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင့်ဦးဆောင်ပါတီက ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရခိုင်ပြည်ကို နေ့စဉ်ရက်စက်ဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေသူတစ်ဦးဖြစ်ပြီး ဧပြီလ ၁ ရက်ကလည်း ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတစ်လျှောက် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းကြောင့် အသက် ၂ နှစ် နှင့် အသက် ၇ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် မိသားစု ၄ ဦးသေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်ကလည်း ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်း စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီး၊ Y-12 ၄ စီးဖြင့် သုံးနာရီခွဲကြား လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ တာကြောင့် အေအေဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် အရပ်သားပြည်သူများလည်း သေဆုံးခဲ့ရသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၀ မှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ရခိုင့်ဦးဆောင်ပါတီများ ထူထောင်ကာ ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်ကျင်းပခဲ့သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲတွင်လည်း ဒေါက်တာအေးမောင် သည် ရခိုင့်ဦးဆောင်ပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

၂၀၁၀ အစောပိုင်းကာလများက ဒေါက်တာအေးမောင်သည် ရခိုင်ပြည်သူများ၏ ခေါင်းဆောင်သဖွယ် ထင်မှတ်ခဲ့ရသည်။ သို့သော် ၂၀၁၈ ဖမ်းဆီးထောင်ချခံရပြီး ၂၀၂၁ စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့်အခါ ၎င်းသည် စစ်ရာဇဝတ်မှုကျူးလွန်ထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကာ ရခိုင်ပြည်သူများအား ကျောခိုင်းခဲ့သည်။

၂၀၂၅ ရွေးကောက်ပွဲကျင်းပခဲ့သည့်အချိန်က အနိုင်ပါတီအား အာဏာလွှဲပြောင်းပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သော်လည်း တကယ့်လက်တွေ့၌ ကြံ့ခိုင်ရေးပါတီ အနိုင်ရသွားသည့်အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကြံ့ခိုင်ရေးပါတီကိုအသုံးချပြီး သမ္မတ ရာထူးယူကာ တိုင်းပြည် အာဏာကို ၎င်းကိုယ်တိုင်ပင် ဆက်လက်ဆုတ်ကိုင်ထားခဲ့သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button