ပြည်သူများ တိုင်တန်းချက်အရ ဆရာဝန်မဟုတ်ဘဲ ဆေးကုသသူနှစ်ဦး၏ ဆေးခန်းများကို AA စုံစမ်းပိတ်သိမ်းပြီး ခံဝန်လက်မှတ်များထိုးခိုင်း

ဒွါရာဝတီ၊ ဧပြီ ၃၊ ၂၀၂၆။
ရခိုင်ပြည်၊ ပေါက်တောမြို့နှင့် ကျောက်တော်မြို့၌ ဆရာဝန်မဟုတ်ဘဲ ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသ နေသူ နှစ်ဦးအား စုံစမ်းဖော်ထုတ်ပြီး ဆေးခန်းများပိတ်သိမ်းခြင်း၊ ခံဝန်လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်စေခဲ့ကြောင်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၊ မှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြသည်။
ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့တွင် ဆရာဝန်မဟုတ်ဘဲ ဆရာဝန်အယောင်ဆောင်ကာ ဆေးခန်းဖွင့်လှစ် ဆေးကုသနေသူ နှစ်ဦးကို ဧပြီလ ၂ ရက်မှာ တရားဥပဒေစိုးမိုရေးနှင့် ပြည်သူ့လုံခြုံရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနများအပါအဝင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စီစစ်ဖော်ထုတ်အရေးယူခဲ့သည်ဟုဆိုသည်။
အရေးယူခံရသူနှစ်မှာ ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက်၌ “ငြိမ်း” နာမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားသည့် ဦးမောင်သန်းဦးနှင့် ကျောက်တော်မြို့နယ်၊ သာစည်ရွာ၌ “ရွှေနဒီ” နာမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားသည့် ဦးမြတ်မင်းသူတို့ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦးသည် ဆရာဝန်မဟုတ်ဘဲ ပြည်သူများအား ဆေးကုသမှုများ လုပ်ဆောင်နေကြောင်း တိုင်ကြားချက် အရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလုံခြုံရေးဌာနက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေး ဌာနတာဝန်ရှိသူများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ဆရာဝန်များမဟုတ်ဘဲ ဆေးကုသနေကြောင်း စုံစမ်းသိရှိသဖြင့် ဆေးခန်းများကို ချက်ချင်း ပိတ်သိမ်းခဲ့ပြီး ၎င်းတို့နှစ်ဦးအား နောက်နောင်တွင် ယင်းသို့ ထပ်မံ မပြုလုပ်ရန်နှင့် ကျူးလွန်ပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်ပြတ်သားစွာ အရေးယူမည့်အကြောင်း ခံဝန်လက်မှတ် ရေးထိုးစေခဲ့သည်ဟု ဆိုသည်။
အာရက္ခအစိုးရ၏ ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့်လည်း ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်း သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်အတွက် အယောင်ဆောင်ဆေးကုသမှုများကို ဆက်လက်ကြပ်မက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ပြည်သူများ ကျန်းမာရေးလွှမ်းခြုံမှု ရှိစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုများအား အလွယ်တကူလက်လှမ်းမီစေရန်၊ ကျန်းမာရေးဝန်ထမ်းများ စနစ်တကျ လေ့ကျင့်ပျိုးထောင်ခြင်း၊ ဆေးရုံဆေးခန်းများ၌ လိုအပ်သော စက်ပစ္စည်း ကိရိယာများကို ဖြည့်တင်းခြင်းများအား ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမားရေးကိစ္စများအတွက် တရားဝင်ခွင့်ပြုချက်ရှိသော ဆရာဝန်များ ဖွင့်လှစ် ထားသည့် ဆေးခန်းများ၌သာ ယုံကြည်စိတ်ချစွာ ဆေးကုသမှုခံယူကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


