ဒွါရာဝတီ၊ ဧပြီ ၁၊ ၂၀၂၆။
ရခိုင်ပြည်၊ သံတွဲမြို့၊ ငပလီကမ်းခြေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အသက် ၂ နှစ် နှင့် အသက် ၇ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် မိသားစု ၄ ဦးသေဆုံးခဲ့သည်။
သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အာဏာသိမ်းစစ်တပ်သည် ဧပြီ ၁ ရက် မနက် ၁၁ နာရီမှ ၁၂ နာရီအချိန်ထိ ဂျက်ဖိုက်တာ ၄ စီးဖြင့် ငပလီကမ်းခြေအနီးတစ်ဝိုက်သို့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပင်လယ် ပြင်မှာ တပ်စွဲထားသည့် စစ်သင်္ဘောတစ်စီးမှလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်းပစ်ခတ်တိုက်ခိုက် ခဲ့ရာမှ ယခုကဲ့သို့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(အေအေ)က သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီသည် ယခင်က ၎င်းတို့တပ်စခန်းချနေထိုင်ခဲ့သော ခလရ ၅၅ တပ်ရင်းအနီးဝန်းကျင်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့မှ သံတွဲဒေသသို့ လာရောက်စစ်ရှောင်နေသည့် ကျောက်တော် မြို့နယ်၊ တူးမြောင်းကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဒေါ်မအေးမေ၊ အသက် ၂၆ နှစ်အရွယ် ဒေါ်မအောင်သန်း၊ အသက် ၇ နှစ်အရွယ် မပြည့်ဖြိုးနွယ်၊ အသက် ၂ နှစ်အရွယ် မအေးငြိမ်းလှိုင်တို့ သေဆုံးခဲ့ရသည်ဟု အေအေက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
အသက် ၂ နှစ်အရွယ် မအေးငြိမ်းလှိုင်သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တွင် မီးလောင်ခံရသကဲ့သို့ အရေပြားများ ခွာနေပြီး ပေါက်ပြဲဒဏ်ရာနှင့် ညာဘက်ခြေထောက် ပြတ်ထွက်ကာ သေဆုံးနေသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများရှိသလို ကျိန္တလီမြို့မှ လာရောက်စစ်ရှောင်နေသည့် ကိုယ်ဝန် ၇ လွယ်ထားသည့် အသက် ၂၈ နှစ်အရွယ် ဒေါ်အေးသန္တာဦး၊ အသက် ၈ နှစ်အရွယ် မမိုးထက်သန္တာနှင့် သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာမှ အသက် ၃ နှစ်အရွယ် မသဲရတီဦးတို့ အသီးသီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး မတ်လ ၃၀ ရက်က မင်းအောင်လှိုင်ထံမှ တပ်ချုပ်ရာထူးလွှဲပြောင်းပြီးနောက် ရခိုင် ပြည်နယ်တွင် ပထမဆုံးကျူးလွန်းခဲ့သည့် အရပ်သားပြည်သူများကို သတ်ဖြတ်သော စစ်ရာဇဝတ်မှုဖြစ်သည်ဟု အေအေက ဆိုသည်။
စစ်ကောင်စီ၏ ဤသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့်ထပ်တူ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရအနေဖြင့် များစွာဝမ်းနည်းကြေကွဲရပြီး၊ ထိခိုက်ဒဏ်ရာရှိသွားသူများအားလည်း အရေးပေါ် ဆေးကုသပေးလျက်ရှိပါသည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ယခုရက်များအတွင်း အာရက္ခပြည်အား ဂျက် တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နှင့် ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်တပ်၏ လေကြောင်းအန္တရာယ်ကို အထူး သတိရှိကြပါရန် ထပ်မံ၍ အလေးအနက် အသိပေးအပ်ပါကြောင်းလည်း အာရက္ခတပ်တော်(အေအေ)က ထုတ်ပြန်ချက်၌ သတိပေးထားသည်။



