ဒွါရာဝတီ မေ ၂၉၊ ၂၀၂၄။
ရခိုင်ပြည်အတွင်း စစ်ရေးအရေးနိမ့်နေသည့် အကြမ်းဖက်စစ်ကောင်စီသည် ‘ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေ’ ဆိုသည့် ဗျူဟာကို အသုံးပြုလာသည်ကို သတိပြုမိသည်။ အားမနာတမ်းဆိုရလျှင် သန္ဓေမကောင်းသည့် ဒေသခံတသိုက်ကြောင့် စစ်တပ်က ယခုဗျူဟာကို အသုံးပြုနိုင်ခြင်းဖြစ်သည်ဟု ဆိုရတော့မည်။
ရခိုင်ပြည်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်၌ တကျော့ပြန်တိုက်ပွဲများစတင်ခဲ့သည်။ အာရက္ခတပ်တော်(အေအေ)က ချင်းပြည်နယ် ပလက်ဝမြို့ မှအစပြု၍ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များကို သိမ်းပိုက်ထားပြီးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ အများအပြားသေဆုံးကြသည်။ အဖမ်းခံရသည်။ လက်နက် ခဲယမ်းမြောက်များစွာကိုလည်း အေအေက သိမ်းဆည်းရရှိခဲ့သည်။
မြေပြင်၌ အာရက္ခတပ်တော်နှင့် စစ်ရေးမယှဉ်သာတော့သည့်အခါ မင်းအောင်လှိုင်စစ်တပ်သည် လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည်။ လေယာဉ်များဖြင့် ဗုံးကြဲသည်။ ရေတပ်မှလည်း အဆက်မပြတ်ပစ် ကြသည်။
ထို့ကြောင့်လည်း မင်းအောင်လှိုင်စစ်တပ်လက်ချက်ဖြင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူ ၂၆၀ ကျော်သေဆုံးခဲ့ရပြီး ၆၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကို စစ်တပ်က ပစ်ခတ်ခြင်းသည် အာရက္ခတပ်တော် (အေအေ)ကို လက်ခံခြင်း၊ AA ရှိလာခြင်းကြောင့် ယခုကဲ့သို့ပစ်ခတ်ရခြင်းစသဖြင့် ဒေသခံပြည်သူနှင့် အေအေ ကြား သွေးခွဲရန်တိုက်ပေးသည့် ဗျူဟာများအသုံးပြုလာသည်။
အဆိုပါဗျူဟာသည် ရခိုင်ပြည်မြောက်ပိုင်းတွင် မအောင်မြင်နိုင်သော်လည်း တောင်ပိုင်းတွင် အောင်မြင်နိုင်သည့် အလားအလာများရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ရခိုင်တောင်ပိုင်းတွင် အုပ်ချုပ်သူ ဗမာကိုမှ အဟုတ်မြင်၊ အထင်ကြီးသော ကိုယ်ကျိုးသမား ဘုန်းကြီးတချို့၊ စစ်ထွက်နှင့် ဝန်ထမ်းတစ်သိုက်၏ စရိုက်များကြောင့်ဖြစ်သည်။
ထိုလူတသိုက်ကို ဂုတ်ဆွဲကာ ထုတ်ပြလျှင်ပင်ရ၏။ ထိုလူတသိုက်ကြောင့် ဒေသနာမည်ပျက်နေသည်။ မြို့နာသည်။ ကြက်သွန်နှင့်ပေါင်းမှ အထောင်းခံနေရသကဲ့သို့ ၎င်းတို့ကြောင့် တခြားသော ရခိုင်တောင်ပိုင်းက ဒေသခံများပါ ရောနှောကာ အပြောအဆို၊ အဆဲအဆိုခံနေရသည်။
ဤသို့သော လူတန်းစားသည် တနေရာတည်း၌ စုဝေးနေခြင်းမဟုတ်။ ရခိုင်ပြည်နယ်တောင်ပိုင်းနေရာအနှံ့၌ ရှိနေသည်။ အဆိုပါ ကိုယ်ကျိုးသမားတစ်စု၏ အင်အားကိုယူကာ စစ်တပ်သည် အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းမည့်အခြေအနေများကို မြင်တွေ့နေရသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်နောက်လိုက် ရခိုင်ပါတီတချို့သည် ရခိုင်မြောက်ပိုင်းတွင် လှုပ်ရှားမှုမရှိသော်လည်း တောင်ပိုင်း၌ သတိပြုရမည့် လှုပ်ရှားမှုတချို့ရှိနေသည်။
စစ်တပ်နှင့် ကိုယ်ကျိုးသမား ဘုန်းကြီးတချို့၊ တပ်ထွက်၊ တချို့ဝန်ထမ်း အလိုတော်ရိတသိုက်သည် သာမန်အရပ် သားပြည်သူများကို စည်းရုံးကာ ပြည်သူ့စစ်နှင့် စစ်တပ်နောက်လိုက် ရခိုင်ပါတီထဲသို့ သွတ်သွင်းနိုင်သည်။
၎င်းတို့ကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးပြီး “AA ကြောင့် ငါတို့ရဲ့ သာယာတဲ့မြို့လေး ပျက်စီးပါပြီ” ဟူသော ဝါဒမှိုင်းတိုက်ကာ AA ကို တန်ပြန်တိုက်ခိုက်နိုင်သည်။
အထူးသတိထားရမည့်အချက်မှာ ရခိုင်ပြည်ရှိ ရခိုင်နှင့် ဘင်္ဂါလီလူမျိုးစုကြား သွေးခွဲရန်တိုက်ပေးနေခြင်းပင်။ စစ်တပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးလိုအပ်ချက်အရ ရခိုင်ပြည်ရှိ လူမျိုးစု ၂ ခုကြား ပဋိပက္ခများပွားစေရန် မျိုးစုံဖန်တီးသည်။
ယခုအခါ စစ်တပ်သည် ဘင်္ဂလီတချို့ကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ကာ AA ကို တိုက်ခိုက်စေသည်။ ထို့ပြင် စစ်တပ်သည် ဘင်္ဂလီများကို အတင်းအဓမ္မစေခိုင်းကာ AA ကို ဆန္ဒပြသည်။ ယင်းလုပ်ရပ်များသည် ရခိုင်ပြည်ရှိ ရခိုင်နှင့် ဘင်္ဂါလီကြား ပဋိပက္ခမဖြစ် ဖြစ်အောင် စစ်တပ်က ဖန်တီးပေးနေခြင်းဖြစ်သည်။
(ဤနေရာတွင် ထောက်ပြစရာတစ်ခုက ဘင်္ဂါလီများကို လက်နက်တပ်ဆင်ကာ ရခိုင်တိုင်းရင်းသားများကို ပြန်တိုက်ခိုင်းနေသည့် စစ်တပ်ကို မဘသဘုန်းကြီးများ တစ်ခွန်းတစ်ပါဒမျှ မဝေဖန်၊ မပြောရဲခြင်းပင်)
ထို့ကြောင့် ရခိုင်ပြည်တွင် စစ်ရေး အရေးနိမ့်နေသည့် စစ်တပ်သည် ရခိုင်တိုင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေ ခြင်း၊ ရခိုင်နှင့် ဘင်္ဂလီများကြား ပဋိပက္ခဖြစ်စေခြင်းဖြင့် အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ‘ယာလည်းညက်စေ၊ ကြက်လည်းပန်းစေ’ ဆိုသည့် ဗျူဟာကိုသုံးပြုနေခြင်းကြောင့် ဒေသခံများအနေဖြင့် ယင်းထောင် ချောက်ထဲသို့ မျက်စီလည် လမ်းမှား မဆင်းသက်မိစေရန် ရေးသားဖော်ပြလိုက်ပါသည်။