ArticleOpinion

အေးချမ်းတဲ့ ငါတို့မြို့လေး

လင်းမြရည်

ဒွါရာဝတီ ဧပြီ ၂၉၊ ၂၀၂၄။

မြန်မာပြည်တနံတလျားမှာ အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ လပေါင်းများ စွာ ကြာမြင့်ခဲ့ပေမယ့် “အေးချမ်းတဲ့ ငါတို့မြို့လေးမှာ ဘာမှမဖြစ်နိုင်ပါဘူး” ဆိုတဲ့အတွေးက သံတွဲမှာ မွေး၊ သံတွဲမှာကြီးပြီး၊ သံတွဲမှာ အခြေချနေတဲ့ လူတော်တော်များများရဲ့ တူညီတဲ့ အတွေးပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သံတွဲမြို့ကလေးဟာ တောင်ပတ်လည်ဝန်းရံထားတယ်။ ရခိုင်ရိုးမရဲ့ တောင်စွယ် တောင်ပွားတွေမှာ အစပြုပြီး ကွေ့ဝိုက်စီးဆင်းနေတဲ့ ချောင်းလေးရဲ့ နံဘေးမှာ တည်ရှိတယ်။ ပင်လယ်နဲ့ နီးလို့ ရာသီဥတု သမမျှတတယ်။

ဌာနဆိုင်ရာအလုပ်ဆိုတာ တည်ငြိမ်တယ်၊ ဂုဏ်ရှိတယ်ဆိုပြီး သားသမီးတွေကို အစိုးရဝန်ထမ်း ဖြစ်စေချင်တဲ့ မိဘတွေ အများစုရှိတဲ့မြို့။ ဘာသာကြီး ၄ ခု အေးအေးလူလူ အတူတူယှဉ်တွဲ နေထိုင် တဲ့မြို့။

တိုက်ပွဲ၊ စစ်၊ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ စစ်လက်ကျန်ဗုံးသီး စတဲ့ အမည်နာမတွေဟာ သံတွဲနဲ့ ဘယ်လိုမှ မသက်ဆိုင်ခဲ့တဲ့ ဝေါဟာရတွေပါ။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲဒေသဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အလှမ်းဝေးပြီး ဒီရာစုနှစ် အတွင်း နိုင်ငံရေးနဲ့ စစ်ရေးလောကဓံကို တကြိမ်တခါမှ မခံစားခဲ့ရဖူးတဲ့ အရပ်ဖြစ်လို့
“အေးချမ်းနေတဲ့ ငါတို့မြို့ကလေး” ဆိုတဲ့ ချစ်စရာကောင်းတဲ့ အတွေးလေးကို တွေးနိုင်ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်က ကရင်ပြည်နယ်၊ ကရင်နီ(ကယားပြည်နယ်)၊ ရှမ်းပြည်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်စတဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ကိုယ့်ပြည်နယ်၊ ကိုယ့်ကြမ္မာ ကိုယ်တိုင်သာဖန်တီးရေး တော်လှန်ရေးတွေ စတင်နေခဲ့ကြပြီး စစ်နဲ့ ပတ်သက်တဲ့ လောကဓံကို ခံစားခဲ့ကြရပြီးသားဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးပါမချန်၊ အမျိုးသမီးကြီးငယ်မရွေးကို အာဏာသိမ်းစစ်တပ်က အုပ်စု လိုက် မုဒိမ်းကျင့်တာ၊ ရွာတွေကို မီးရှို့တာ၊ သာမာန်အရပ်သားတွေကို ရက်စက်မှု နည်းလမ်း ပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့တာ၊ သာမာန်အရပ်သားတွေကို လူသားဒိုင်းသဖွယ်လုပ်တာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဖြတ်တောက်ပစ်တာစတဲ့ လူမဆန်တဲ့ ရာဇဝတ်မှု ပေါင်းများစွာ၊ စစ်ရာဇဝတ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့တာဟာ သက်သေသာဓကပေါင်းများစွာရှိခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ မွန်၊ နဲ့ ရှမ်းပြည်နယ်တွေမှာ ဒီလို အဖြစ်အပျက်တွေက ဆယ်စုနှစ်ပေါင်းများစွာ မျိုးဆက်နဲ့ချီ ဖြတ်သန်းခဲ့ရဖူးပြီးသား ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်၊ သုံးဆယ်အချိန်တွေတုန်းက အဲ့ဒီဒေသတွေမှာ တိုက်ပွဲတွေ၊ စစ်ဘေး တွေနဲ့ အတိဒုက္ခရောက်နေချိန်မှာ စာရေးသူတို့ဟာ “ငါတို့မြို့လေးက အေးချမ်းတယ်”၊ “ဘာစစ်ပွဲ တွေ၊ ဘာတိုက်ပွဲ တွေမှ မရှိဘူး” ဆိုတဲ့ အတွေးနဲ့ ဂုဏ်ယူစွာ နေထိုင်ကြီးပြင်းလာခဲ့ကြတာပါ။

မြန်မာ့တပ်မတော်ကြီးက မြန်မာပြည်ကို ကရင်သူပုန်၊ ကချင်သူပုန်တွေရန်ကနေ ကာကွယ်နေတာ ဆိုတဲ့ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်မီဒီယာတွေ ကြားကနေ ဘယ်ပြည်နယ်ကိုမှ ခေါင်းပြူမကြည့်ခဲ့ ကြဘူး။ အင်တာနက်နေနေသာသာ တရပ်ကွက်လုံးနေလို့မှ ကြိုးဖုန်းတလုံးတောင် မရှိတဲ့ အရပ်ဒေသမှာ ပြည်နယ်ပြင်ကမ္ဘာဆိုတာ အလှမ်းဝေးလွန်းလှတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်ထဲမှာ ည ၈ နာရီ ပြီးရင် စောင့်ကြည့်ရတဲ့ မြန်မာ့ရုပ်မြင်သံကြားဇာတ်လမ်းတွေကြားမှာ ကရင်ဆိုတာ သူပုန်ပဲလို့သိ၊ ကချင်ဆိုရင် သူပုန်ပဲလို့သိ၊ နိုင်ငံတကာသတင်းမီဒီယာတွေမှန်သမျှ ပြည်ပအားကိုး ပုဆိန်ရိုးတွေ လို့ပဲ သိပြီး စာရေးသူတို့ အေးချမ်းနေခဲ့ကြတယ်မဟုတ်လား။

ဒီလိုနဲ့ ကိုယ်ပိုင်တယ်လီဖုန်းတွေကိုင်နိုင်လာတဲ့အခါ၊ ကြေးမှုံနဲ့ မြန်မာအလင်းမဟုတ်ဘဲ လူထု မျက်နှာကိုကြည့်၊ လူထုကို နားမျက်စိဖွင့်ပေးနိုင်စွမ်းရှိတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ရုပ်သံလွင့် ဌာနတွေပေါ်လာတဲ့အခါ အဲဒီ “အေးချမ်းခြင်း”ဆိုတာကို စေ့စေ့တွေးတတ်လာတဲ့အခါ တရေးရေး ပေါ်လာတယ်။

မတရားမှုတွေကို ခေါင်းငုံ့ခံတတ်ခြင်းက စာရေးသူတို့ကို “အေးချမ်းတယ်”ဆိုတဲ့ ဝေါဟာရကိုပေးခဲ့ တယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်မသိခြင်း၊ သိပေမယ့်လည်း ထုတ်ဖော် မတော်လှန်ရဲခြင်း တွေက သံတွဲမြို့ကလေးကို “ငြိမ်းချမ်းခြင်း”ဆိုတဲ့ စကားလုံးတွေပေးခဲ့တယ်။

မြန်မာနိုင်ငံရဲ့ အပ်ဒိတ်အဖြစ်ဆုံး လူဦးရေ သန်းခေါင်စာရင်းနဲ့ အချက်အလက်တွေအရ ယင်လုံ အိမ်သာတလုံးစီတောင် ရာနှုန်းပြည့်မပိုင်ဆိုင်နိုင်သေးတဲ့ ရခိုင်ပြည်နယ်ကြီးထဲက သံတွဲဆိုတဲ့ မြို့ကလေးမှာ စာရေးသူတို့ ရွှေရည်စိမ် အေးချမ်းခြင်းတွေနဲ့ အသားကျနေခဲ့တာလေ။

သံတွဲကို အုပ်ချုပ်ရေးတာဝန်ကျလို့ ရောက်လာတဲ့ ဘယ်သူတဦးတယောက်က သံတွဲကို စေတနာ ရှိရှိနဲ့ ဖွံ့ဖြိုးတိုးတက်စေခဲ့သလဲ။ သံတွဲပေါ်က ခွစီး သံတွဲကို ဂုတ်သွေးစုပ်၊ ပြိတ္တာတွေလို ပြည့်သိပ် လျှန်လျှံနေတဲ့ စည်းစိမ်တွေနဲ့ သူတို့အိမ်ကို သူတို့ ပြန်သွားခဲ့ကြတာမလား။ အဲဒီပြိတ္တာတွေ နားမှာ အဖျားအနားတွေ ကပ်ရပ်စားသောက်ခွင့်ရနေကြတဲ့ သံတွဲသားအမည်ခံတွေနဲ့အတူ သံတွဲကို ဖျက်ဆီးပြီး စာရေးသူတို့ မျိုးဆက်မတိုင်ခင်ကနေ၊ အခု စာရေးသူတို့ နောက်မျိုးဆက်ဆီကို အေးအေးလူလူ သွားနေခဲ့ကြတာမဟုတ်လား။

တကယ်က သံတွဲမြို့ကလေးဟာ တောပြုန်းနေတဲ့တောင်တွေ ပတ်လည်ဝန်းရံထားတဲ့ မြို့။ တောင်ကတုံးတွေက ဒလဟောကျလာတဲ့ရွံ့ပျော်ရည်တွေကြောင့် ကွေ့ဝိုက်စီးဆင်းနေတဲ့ ချောင်းလေးဟာ စီးချင်တဲ့ဘက်ကိုစီး၊ ပြိုချင်တဲ့ကမ်းကပြို၊ တိမ်ကောချင်တိုင်း တိမ်ကောပြီး မိုးရာသီတိုင်းမှာ ရေဘေးဒုက္ခကို အနည်းနဲ့အများ ခံစားနေကြရတာ မဟုတ်လား။

နွေပိုင်းဆိုရင် အဲ့ဒီ ဟိုတကွက်သည်တကွက်နဲ့ ပေါ်ချင်သလိုပေါ်နေတဲ့ ချောင်းသောင်ခုံတွေမှာ ကျောက်တွေစုပ်ထုတ်ဖို့ ဘယ်သူတွေက လုပ်ပိုင်ခွင့်တွေရနေခဲ့သလဲ။ ကျောက်တွေစုပ်လေ၊ ကမ်းတွေပြိုလေ ရွာတွေတောင် ပြောင်းပြေးရတဲ့အထိ ဒုက္ခတွေကိုကျ ဘယ်သူတွေ ခါးစည်းခံကြရ သလဲ။

သံတွဲနဲ့ ၄ မိုင်ကျော်ကျော်က ပင်လယ်ကြီးက စာရေးသူတို့ပိုင်သလား။ ပင်လယ်ကြီးဘေးမှာ ခေါင်းရွက် ဗျက်ထိုးဈေးသည်လုပ်ဖို့အတွက်တောင် လူကြီးလာလို့ ဖြတ်မလျှောက်ရတဲ့ ကမ်းခြေသူ ကမ်းခြေသားတွေမှာ အဲဒီအဖြေရှိပါတယ်။

အရင်တုန်းကဆို အများပြည်သူ ဥဒဟို ဝင်ထွက်သွားလာလို့ရတဲ့ ငပလီသူ၊ ငပလီသားတွေ ပိုင်ကြတဲ့ တမျှော်တခေါ်အုန်းတောကြီးတွေ ဘယ်ရောက်သွားကြသလဲ။
ဘိုးဘေးစဉ်ဆက် ပိုင်ခဲ့ကြတဲ့ မြစိမ်းရောင်အုန်းခင်းကြီးတွေကို အာဏာရှင်တွေက လက်နက် အားကိုးနဲ့ ဓားပြတိုက်ခဲ့ကြလို့ လက်လွှတ်ဆုံးရှုံးပြီး စိတ်ထောင်းကိုယ်ကြေ သေခဲ့ရ၊ ရူးခဲ့ရတဲ့ မျိုးဆက်က ပြန်ပြောပြလိမ့်မယ်။ မသေဘဲကျန်ခဲ့တဲ့ သူတွေက ဘိုးဘေးတွေပိုင်ခဲ့ကြတဲ့ မြေတွေအပေါ် အစီအရီကျူးကျော်ထားတဲ့ ဟိုတယ်ကြီးတွေဆီမှာ ဒရဝမ်တွေ၊ မာလီတွေ လုပ်နေ ရတဲ့မျိုးဆက်က ပြန်ပြောပြပါလိမ့်မယ်။

တည်ငြိမ်တယ်၊ ဂုဏ်ရှိတယ်ဆိုပြီး ဌာနဆိုင်ရာတွေမှာ အလုပ်ရဖို့ အိမ်ပေါင်၊ လယ်ပေါင်၊ ကျွဲနွားပေါင်ပြီး လာဘ်ထိုးပြီးမှ ရလာတဲ့အလုပ်၊ ဒီအလုပ်ကနေ ဒါထက်မက ပြန်ရဖို့ ရည်ရွယ်ချက်တွေတပုံနဲ့ အလိုတော်ရိလုပ်ပေးနေကြသူတွေ ကြီးစိုးနေတဲ့ကြားမှာ စာရေးသူတို့ “အေးချမ်း”နေခဲ့ကြတာမလား။ “ငြိမ်းချမ်း”ချင်ယောင် ဆောင်နေခဲ့ကြရတာ မဟုတ်လား။

ဒါတွေကို တွေးတတ်တဲ့အရွယ်ရောက်လာတော့ စာရေးသူတို့ရှေ့က မျိုးဆက်က စာရေးသူတို့ကို “အုတ်နံရံနဲ့ ခေါင်းနဲ့ဆောင့်ရင် ကိုယ့်ခေါင်းပဲ ကွဲလိမ့်မယ်” ဆိုတဲ့ ဘာသာရပ်ကို လက်ဆင့်ကမ်းကြ တယ်။

ဒါပေမယ့် မျက်စိနည်းနည်းပွင့်၊ နားနည်းနည်းစွင့်တတ်လာတဲ့အခါ အာဏာသိမ်းမှုကို ၂ ကြိမ် ကြုံဖူးတဲ့ စာရေးသူတို့မျိုးဆက်က အဲ့ဒီဘာသာရပ်ကို ငြင်းဆန်ချင်တဲ့မျိုးဆက် ဖြစ်လာတယ်။

လွန်ခဲ့တဲ့ ၃နှစ်က စစ်တပ်က အာဏာသိမ်းတော့ သံတွဲမှာ မတရားခြင်းအုတ်နံရံကို တော်လှန်ခြင်း ခေါင်းတွေနဲ့ တိုက်တဲ့သူတွေ မြို့ကလေးရဲ့ လမ်းမတွေပေါ်မှာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာခဲ့တယ်။ လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ အလုပ်ကို သံတွဲဒေသခံ ကြီးငယ်မရွေး၊ အယုတ်အလတ်အမြတ်မရွေး တညီတညွတ်တည်း လုပ်ခဲ့ကြတယ်။ လက်နက်မဲ့ ပြည်သူတွေကို အာဏာရှင်တွေက လက်နက်ပြအနိုင်ကျင့် ဗိုလ်ကျခဲ့တယ်။ လက်နက်နဲ့ လူရယ်၊ လက်နက်မဲ့လူရယ်မှာ ဘယ်သူရှုံးမလဲဆိုတာ အားလုံးသိပါတယ်။ အားမတန်လို့ မာန်လျှော့ လိုက်ရတဲ့အခါ တော်လှန်အသံတွေ တိုးတိတ်သွားခဲ့တယ်။

အပြောင်းအလဲ လမ်းကြောင်းပေါ်ကို ကုတ်ကပ်တွယ်တက်ပြီး ဒယိမ်းဒယိုင်နဲ့ လျှောက်လှမ်းစ မြန်မာပြည်ကို စစ်အာဏာရှင်တွေဟာ အဆင်ခြင်မဲ့ လုယူခဲ့တယ်။ အာဏာရှင်လူတစုဟာ တလောကလုံးက မလိုလားတဲ့ ခွေးသေကောင်ပုပ်လိုပါပဲ။ အဲဒီခွေးသေကောင်ပုပ်ကို မြန်မာပြည် တနံတလျားက ပြည်သူတရပ်လုံးက မောင်းထုတ်တဲ့ ပွဲကို စတင်ခဲ့ကြတယ်။

ဒါဟာ ကချင်နဲ့ ဗမာ တိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ ကရင်နဲ့ ဗမာတိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ ချင်းနဲ့ ဗမာတိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ မွန်နဲ့ ဗမာတိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ ဗမာနဲ့ ဗမာချင်းတိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ ရခိုင်နဲ့ ဗမာတိုက်တဲ့ပွဲမဟုတ်ဘူး။
ဒါဟာ ရှမ်းနဲ့ ဗမာတိုက်တဲ့ပွဲမဟုတ်ဘူး။

ခေတ်အဆက်ဆက် အမြစ်တွယ်လာခဲ့တဲ့ အာဏာရှင်အုပ်စိုးမှုကို ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံက နေရာအနှံ့မှာ အမြစ်ကတူးထုတ်ဖို့ ကြိုးစားနေကြတဲ့ ပွဲပဲဖြစ်ပါတယ်။ တိုင်းပြည်ကို ချောက်နက်ကြီးထဲဆွဲချနေတဲ့ အာဏာရှင်တစုက တဖက်၊ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် တိုင်းသူပြည်သားတွေကတဖက် တိုက်နေကြတဲ့ ပွဲပဲဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်ပွဲဆိုတာ မကြုံဖူး၊ မကြားခဲ့ဖူးတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ အထက်အညာဒေသတွေမှာတောင် အာဏာရှင်တော်လှန်ရေးကနေ အစပြုပြီး စစ်မြေပြင် ဖြစ်လာခဲ့ကြတယ်။

စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်လို့ အပြစ်မဲ့ကလေးတွေ သေကြေပျက်စီးနေချိန်မှာ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံဆေးခန်းတွေကို မီးလောင်တိုက်သွင်းနေချိန်မှာ စာရေးသူ တို့ မြို့ကလေးက ဘာသိဘာသာပါပဲ။ စည်သံဗျောသံတညံညံနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး အေးအေး လူလူ နေနိုင်ခဲ့ဖူးကြတယ်။

ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ ရခိုင်ပြည်မြောက်ပိုင်းမှာ စစ်တပ်ကြောင့် ပြည်သူလူထု ထောင်ပေါင်းများစွာ အသက်ဘေး၊ အိုးမဲ့အိမ်မဲ့ဘေးတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အချိန်ထိ ကိုယ့်အလှည့်မရောက်နိုင်ဘူးလို့ ထင်ယောင် မှားနေခဲ့ကြတယ်။

ဒါပေမယ့် အလုံးစုံပျက်သုန်းရေးလမ်းကြောင်းဆီကို မျက်စိစုံမှိတ်ပြီး ဦးတည်နေတဲ့ စစ်အာဏာရှင် တွေဟာ လွန်ခဲ့တဲ့ နှစ်ဝက်နီးပါးကတည်းက ရခိုင်ပြည်နယ်ကို ကုန်းလမ်းရေလမ်း အဝင်အထွက်တွေ ပိတ်ဆို့ ဖြတ်တောက်ခဲ့တယ်။

တိုက်ပွဲတွေမဖြစ်နေပေမယ့် စစ်ကောင်စီကြောင့် သံတွဲဒေသဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေထိုင်ရေး စတဲ့အရာတွေအားလုံး အပျက်ဘက်ကို ဦးတည်နေခဲ့တဲ့ လက်တွေ့ ဖြစ်ရပ်တွေ ပေါ်လာခဲ့ပါတယ်။

အခြေခံလူသုံးကုန်တွေ၊ စားသောက်ကုန်တွေ၊ လောင်စာဆီတွေ အဆမတန် ဈေးကြီးပေး ဝယ်စား ရတာ၊ အတင်းအဓမ္မ ပြည်သူ့စစ်စုဆောင်းခံရတာ၊ တနေရာကနေတနေရာကို လွတ်လပ်စွာ သွားလာနေရရာကနေ ရုတ်တရက် ချုပ်ချယ်ကန့်သတ်ခံလိုက်ပြီး ဒေသအတွင်းမှာ ပိတ်မိ နေတာတွေအပါအဝင် ဒေသအပြင်က ဆယ့်တစ်မျဉ်းစောင်းမှတ်ပုံတင်မှန်သမျှ ဖမ်းဆီးဒုက္ခ ပေးတာတွေကို စစ်တပ်က အဆက်မပြတ်ပြုလုပ်ပြီး ပြည်သူကို ဒုက္ခတွင်းထဲ ဆွဲချခဲ့ပါတယ်။ အာဏာရှင်တွေရဲ့ လုပ်ရပ်ဟာ ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့တဲ့ ယုတ်မာစုတ်ပဲ့တဲ့ လုပ်ရပ်တွေမဟုတ်ဘူးလား။

တိုက်ပွဲတွေမရှိသေးတဲ့ သံတွဲဒေသကို ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ ကို ဖေဖော်ဝါရီ ဒုတိယပတ်ကနေ အချက်ရေ အနည်းငယ်နဲ့ စတင်ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းက စတင်ပြီး အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်။

တမြို့နဲ့တမြို့၊ တရွာနဲ့တရွာကို လွတ်လပ်စွာ သွားလာလို့မရတော့ဘူး၊ ပြန်မချရဲလို့ ငြိမ်ခံနေရတဲ့ အခြေအနေမှာ ကျမတို့ဒေသက အခြေခံနင်းပြားတွေ အငတ်ဘေးနဲ့ ဒုတ်ဒုတ်ထိ ရင်ဆိုင်ခဲ့ကြရတယ်။

အဲဒီ နောက်မှာတော့ အများပြည်သူနဲ့ မလွတ်ကင်းတဲ့ လူနေကျေးရွာတွေကြားထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေကို နေ့ရောညပါ ဆက်တိုက် ကြုံတွေ့လာရပါပြီ။

ဒါတွေဟာ သံတွဲဒေသအတွက် ပထမဆုံး အတွေ့အကြုံတွေဖြစ်ပေမယ့်၊ ဒီထက်အဆပေါင်းများစွာ ဆိုးရွားတဲ့ ဖြစ်ရပ်ပေါင်းများစွာဟာ မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပျက်ပြီးသားဖြစ်ပါတယ်။

အခုမှ ကိုယ့်အလှည့် ရောက်လာတာဖြစ်လို့ ကျမတို့ဟာ မြန်မာပြည် အနှံ့အပြားက တက်ညီလက်ညီ တော်လှန်တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်ဖို့ပဲ ဆုတောင်းရမှာဖြစ်ပါတယ်။

လက်နက်အားကိုးနဲ့ မျိုးဆက်ပေါင်းများစွာအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်အာဏာရှင်ကို လက်နက်နဲ့ ပြန်တိုက်နိုင်ကြတဲ့သူတွေကပဲ အောင်နိုင်မှာဖြစ်တဲ့အတွက် ကျမတို့လို လက်နက်မဲ့ ပြည်သူတွေ လုပ်နိုင်တာက ဒီလောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးအတွက်သာ စိတ်ရော၊ ကိုယ်ပါ ကြိုတင်ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေကို ရပ်တန့်ဖို့လည်း ကျမတို့ လုပ်ကိုင်နိုင်စွမ်း မရှိသလို၊ တိုက်ပွဲတွေကို ဖန်တီးတာဟာ ကျမတို့ မဟုတ်ပါဘူး။ ၃နှစ်တာ ကာလအတွင်း တိုင်းပြည်တခွင်လုံး စစ်မီးတောက်လောင်နေတဲ့ အဓိက တရားခံဟာ အာဏာရှင် စစ်တပ်ကလွဲပြီး တခြားသူမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လို ပါတယ်။

တိုင်းရင်းသားဒေသတွေရဲ့ မျိုးဆက်နဲ့ချီ ရင်ဆိုင်ခဲ့ဖူးပြီးသားကျော်ဖြတ်မှုတွေကို သင်ခန်းစာ နမူနာယူရင်း စစ်ဘေးမှာ အသက်ဘေးကင်းစွာ ရှင်သန်နိုင်ဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။

အခုအချိန်ဟာ စာရေးသူတို့အားလုံး မင်းဆိုးမင်းညစ်ဘေးကို တနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူ တွေနဲ့ အတူတကွ ညီညီညွတ်ညွတ် ရင်ဆိုင်နေရတဲ့ အကြမ်းတမ်းဆုံးသော အခိုက်အတန့်ဖြစ်ပါ တယ်။

အခုလို အခြေအနေပျက်တာ၊ ဒုက္ခရောက်တာဟာ ဘယ်သူ့ကြောင့်၊ ဘယ်ဝကြောင့်ဆိုတဲ့ အာဏာရှင် ခွေးသေကောင်ပုပ်ရဲ့ ဝါဒဖြန့်မှိုင်းလုံးတွေ နောက်လိုက်ရင်း “ဖွတ်ထွက်လို့တောင်ပို့မှန်း မသိ၊ ကျောချလို့လည်း ဓားပြမှန်းမသိ” ဖြစ်နေတဲ့ အခြေအနေကနေ စွန့်ခွာဖို့ အချိန်ရောက်ပြီလို့ပဲ ဆိုရပါမယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button