သဒေးချောင်းရေအားလျှပ်စစ်ဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကျော်လွန်နေ၍ ဆည်အောက်ဘက်ကျေးရွာများ အရေးပေါ်ရွှေ့ပြောင်းရန်လို
သံတွဲ၊ ဇူလိုင် ၂၇၊ ၂၀၂၄။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ သဒေးချောင်း(သူဌေးချောင်း) ရေအားလျှပ်စစ်ဆည်ရေအခြေအနေမှာ ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တိုင်းတာချက်အရ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေပြီဖြစ်ရာ ဆည်နှင့် အနီးဝန်းကျင်၊ ဆည်ကျရေ စီးဆင်းရာ လမ်းကြောင်းရှိ ကျေးရွာများသည် အမြန်ဆုံး ချက်ချင်းရွှေ့ပြောင်းကြရန် အာရက္ခတပ်တော် (အေအေ)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။
ဆက်လက်၍လည်း ယခုထက် ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်သည့် အလားအလာများ တွေ့နေရခြင်းကြောင့် အနီးဝန်းကျင်ကျေးရွာများသည် ကုန်မြင့်နှင့် ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့ရန်လိုအပ်ကြောင်း သိရသည်။
လွန်ခဲ့သည့်ရက်များက မိုးရွာသွန်းမှုနှင့် မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်ရှိလာ နိုင်ကြောင်း အသိပေးထားခဲ့ပြီး၊ ယနေ့တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန် လာနေသည့်အတွက် ယခုကဲ့သို့ အရေးပေါ်ရေဘေးသတိပေးချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ အာရက္ခတပ်တော်(အေအေ)၏ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းထားသည်။
စိုးရိမ်ရေမှတ် အနီရောင်အဆင့် ဖြစ်နေသည့် သဒေးချောင်းအောက်ဘက်တွင် ကျောင်းကုန်း၊ အုန်းမော်၊ မြင်စိုင်းမော်၊ ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်၊ ရွှေလှေ၊ လင်းသီ၊ ဇီးကျွန်း၊ သပြုချိုင်၊ နတ်မော်၊ အင်တိုင်းကြီးအောက်နတ်မော်၊ ပြင်ယောင်း၊ တလိုင်းတဲ စသည့် ကျေးရွာများတည်ရှိသည်။
အဆိုပါကျေးရွာများတွင် ဒေသခံရွာသူရွာသားများအပြင်၊ ဂေါ့၊ ဆင်ခေါင်း အစရှိသည့် ကျေးရွာများမှ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်သူများအပါအဝင် စုစုပေါင်း ပြည်သူ သောင်းနှင့်ချီ နေထိုင်လျှက်ရှိသည်။
“ရေအားမှာ ရေလွှဲပေးဖို့လူလဲမရှိဘူး၊ အမှိုက်ပိတ်နေလို့ ဖယ်ဖို့လူလည်းမရှိဘူးဆိုတော့ ရေအပေါ်က ကျော်လာရင် စိတ်ပူရတယ်၊ ကျိုးကျဖို့ကြောက်ရတယ်၊ အရင်လို ဖုန်းလိုင်းမိနေရင်တော့ နီးစပ်ရာလူက ရေကျော်နေပြီဆိုတာ သတင်းပို့လို့ရတယ်၊ အခုက ဖုန်းလိုင်းမမိတော့ ဘာမှ မသိလိုက်ဖို့ကြောက် ရတယ်၊ နေရာမြန်မြန်ရွှေ့ထားနိုင်ဖို့လိုတယ်” ဟု အဆိုပါဆည်အောက်ဘက်ကျေးရွာတွင် မိသားစုဝင်များကျန်ရစ်ခဲ့သည့် အဝေးရောက်ဒေသခံတဦးက ပြောသည်။
သံတွဲမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာတွင်ရှိသည့် အဆိုပါ ရွှေလှေတိုက်နယ်ဒေသသည် သံတွဲတိုက်ပွဲများ အစောဆုံးဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး၊ သဒေးချောင်းရေအားလျှပ်စစ် ဝန်ထမ်းများသည် ဧပြီလ တတိယပတ်ကတည်းက ထွက်ပြေးသွားကြပြီဖြစ်သည်။
သဒေးချောင်းရေအားလျှပ်စစ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်၊ ၂၀၀၄ ခုနှစ်က စတင်ခဲ့ပြီး ယင်းစီမံကိန်းကြောင့် ဒေသခံကျေးရွာများ နေရာရွှေ့ပြောင်းပေးခဲ့ရသလို၊ စီမံကိန်းအောက်ဘက် ကျေးရွာများ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အိမ်နှင့် အဆောက်အဦးများ မျောပါပျက်စီးခြင်းများ တွေ့ကြုံခဲ့ရဖူးသည်။
သဒေးချောင်းသည် မူလအခေါ်အဝေါ်ဖြစ်ပြီး အဆိုပါစီမံကိန်းစတင်သည့်အချိန်တွင် စစ်ကောင်စီက သူဌေးချောင်းဟု ပြောင်းလဲပစ်ခဲ့ခြင်းဖြစ်သည်။