LifestyleTravel

သံတွဲချောင်းဖျား

ဒွါရာဝတီ၊ မတ် ၉၊ ၂၀၂၅။

သံတွဲမြို့မှာ မွေး၊ သံတွဲမြို့မှာ ကြီးခဲ့ပေမယ့် ဒေသခံတချို့ဟာ အလုပ်တာဝန် မအားမလပ်တာ၊ အခွင့်အခါမသင့် တာတွေကြောင့် သံတွဲချောင်းဖျားဘက်ကို မရောက်ဖူးကြဘူး။ သံတွဲချောင်းဖျားအထက်ကို ဆန်မတက်ဖူးကြ ဘူး။ တကယ်တော့ သံတွဲချောင်းဖျားဟာ ငပလီကမ်းခြေပြီးရင် လည်ပတ်စရာအကောင်းဆုံးနေရာ၊ သံတွဲဒေသ အတွက် သဘာဝတရားကြီးက ပေးထားတဲ့အကောင်းဆုံး လက်ဆောင်တခုပါ။

သံတွဲချောင်းဟာ နှင်းဆီပွင့်ပမာ အလွှာလိုက်၊ အထပ်လိုက်ဖြစ်နေတဲ့ တောင်စဉ်တောင်တန်းတွေ သွယ်တန်း ထားတဲ့ ရခိုင်ရိုးမကြီးကနေ မြစ်ဖျားခံစီးဆင်းပြီး ဘင်္ဂလားပင်လယ်ထဲ စီးဆင်းသွားတာပါ။  

မိုးများတဲ့သံတွဲဒေသမှာ မိုးတွင်းကာလဆိုရင် သံတွဲချောင်းဟာ ရေကြီး၊ ရေလျှံပြီး ရေစီးသန်တယ်။ အားမာန် အပြည့်နဲ့ စီးဆင်းတယ်။ ရေလည်း နောက်တယ်။

ဒါပေမဲ့ မိုးကုန် ဆောင်းဦးပေါက်ကာလဆိုရင်တော့ ကြည်လင်တဲ့ရေအလျင်ဟာ တငြိမ့်ငြိမ့်လေး စီးဆင်းတယ်။ ရေတိမ်တယ်။ တချို့နေရာတွေဆိုရင် လမ်းလျှောက်ဖြတ်ကူးလို့ ရတယ်။ အဲဒီကာလဟာ သံတွဲချောင်းရဲ့ အလှအပဆုံးကာလ။ သံတွဲချောင်းဖျားတလျှောက် ရှုမငြီးနိုင်အောင် လှပတဲ့သဘာဝတရားမျိုးစုံကို မြင်တွေ့ နိုင်တဲ့ အချိန်။

သံတွမြို့ကနေ ချောင်းဖျားကို စက်လှေနဲ့ဆန်တက်သွားမယ်ဆိုရင် တလင်းဆိပ်၊ ဥယျာဉ်ကွင်း၊ ခွေးတောက်ခုံ၊ လက်ပံကျွန်း၊ သခမိန်(သုခမိန်)၊ ကင်ပွန်းခြုံ၊ ရှမ်းထောင့်၊ နွယ်ပျောက်၊ အညက်၊ အတူး၊ သံဒီ၊ ရွာရှည်၊ ငှက်တော်၊ အတက်ဝ စတဲ့ကျေးရွာတွေကို ချောင်းတလျှောက်မှာ မြင်တွေ့ရမှာပါ။

အဲဒီကျေးရွာတွေမှာ လူနေများတဲ့ကျေးရွာတချို့သာရှိပြီး ကျေးရွာအများစုမှာတော့ လူနေနည်းပါးကြပါတယ်။ လူတွေဟာ ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွေ့သွားတာကြောင့် တချို့ရွာတွေဟာ ရွာပျက်တွေလို၊ ယာစောင့်တဲ တွေလိုသာ ကျန်ရှိပါတော့တယ်။

မနက်စောစော သံတွဲချောင်းဖျားကို စက်လှေနဲ့ဆန်တက်သွားရတာဟာ ရင်သပ်ရူမောဖွယ်ရာ အတွေ့အကြုံလို့ တင်စားရင် မှားလိမ့်မယ် မထင်ပါဘူး။ မြူတွေ ဝေ့တက်နေတဲ့ ချောင်းရေပြင်ထဲ တိုးဝင်ပြီး စက်လှေစီးသွားရ တာ၊ တောင်တန်းတွေကို မေးတင်ပြီး အရှေ့အရပ်က ပြူထွက်လာတဲ့ ရောင်ခြည်ကို မြင်ရတာ၊ ချောင်းရေပြင် ဟာ တငြိမ့်ငြိမ့်စီးဆင်းနေတာကနေ ချောင်းအကွေ့ရောက်မှာ ရုတ်တရက် တသောသောစီးနေလို့ စက်လှေကို အားနဲ့ထိုးမောင်းသွားရတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတွေပါ။

တချို့နေရာတွေမှာဆိုရင် ချောင်းကျယ်ကြီးထဲ ရေစီးဆင်းနေတဲ့နေရာဟာ မြောင်းသာသာရှိပြီး ရေအနက်က တပေလောက်သာရှိတာပါ။ အဲလိုနေရာရောက်ပြီဆိုရင် စက်လှေကို ဆင်းတွန်းရတယ်။ ဒါကလည်း သံတွဲချောင်းထဲ နွေရာသီစက်လှေစီးရခြင်းရဲ့ အရသာတမျိုးပါ။

တောင်တန်းတွေကြားထဲက ကွေ့ဝိုက်ကာစီးဆင်းလာတဲ့ချောင်းတလျှောက် ဆန်တက်သွားရတာဖြစ်တဲ့အတွက် တောတောင်သဘာဝအလှတရားကို ရှုထောင့်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့မြင်တွေ့ရတယ်။ ချောင်းရေပြင်ဟာ ကျယ်သွား လိုက်၊ ကျဉ်းလာလိုက်၊ တောင်တန်းကြီးတွေဟာ နီးလာလိုက်၊ ဝေးသွားလိုက်၊ တခါတလေ ချောင်းထဲကို ထိုးကျ နေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေဟာ စက်လှေပေါ်က လူတွေကို မထိတထိ ကျီစယ်နေသလိုလို၊ ဒီလို စိတ်လှုပ်ရှား စရာမြင်ကွင်း၊ အထိအတွေ့တွေက မျိုးစုံခံစားရတာပါ။

သံတွဲချောင်းတလျှောက် စက်လှေနဲ့ဆန်တက်သွားရင် ချောင်းဘေးဝဲယာနဲ့ သောင်ခုံတွေမှာ ကျယ်ပြောလှတဲ့ ယာစိုက်ခင်းကြီးတွေကို မြင်တွေ့ရမယ်။ ချောင်းအထက်ကနေ စုန်ဆင်းလာတဲ့ သီးနှံတင်စက်လှေတွေ မြင်တွေ့ရမယ်။ ကံကောင်းရင်တော့ ချောင်းဖျားကနေ စုန်ဆင်းလာတဲ့ ဝါးဖောင်တွေကို မြင်တွေ့ရနိုင်တယ်။

သံတွဲချောင်းဖျားကို စက်လှေနဲ့ ခရီးနှင်ကြတဲ့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေဟာ ကင်မွန်းခြုံရွာအထက်နားက တလယ်နယ်ဆင်စခန်းကို သွားလေ့ရှိကြတယ်။ မနက်သွား မွန်းလွဲပြန်ရတဲ့ မနီးမဝေး၀ ခရီးစဉ်လေး တခုပါ။ လူအများစုဟာ တလယ်နယ်ဆင်စခန်းအထိ လည်ပတ်ကြလေ့ရှိတယ်။ ဆင်စခန်းအထိ ရောက်ဖူးကြတယ်။ 

အဲဒီနေရာကနေ စက်လှေနဲ့ ဆန်တက်သွားရင်လည်း လှပတဲ့ရှုခင်းတွေ၊ စိတ်ဝင်စားစရာ ပါးစပ်ရာဇဝင်တွေနဲ့ လူနေမှုဘဝတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ရှမ်းထောင့်၊ နွယ်ပျောက်နဲ့ အညက်ကျေးရွာတွေ အထက်ဘက်ကို ဆန်တက်သွားရင် သံတွဲဒေသရဲ့ နာမည်ကျော် သံဒီရှင်မကြီးရှိရာ နေရာကို ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ စုန်းကြီး၊ နတ်ကြီးတဲ့နေရာလို့ ဒေသခံတွေက အယုံအကြည်ရှိကြတယ်။ အဲဒီနေရာဟာ သံတွဲချောင်းအကွေ့ ၊ ကျောက်အိုင်ကြီးနဲ့ ကျောက်တုံးကြီးတလုံးရှိရာ နေရာတခုဖြစ်ပါတယ်။

ရှေးယခင်ကဆိုရင် လူတွေဟာ အဲဒီနေရာမှာ လိုအပ်တဲ့ ရွှေငွေလက်ဝတ်လက်စားတွေကို ငှားရမ်းနိုင်တယ်လို့ အဆိုရှိတယ်။ မိုးတွင်းကာလရေကြီးတာဟာ သံတွဲချောင်းကို စောင့်ရှောက်တဲ့ သံဒီရှင်မကြီးက ချောင်း အောက်ဘက်ကို ဖောင်နဲ့ဆင်းတာကြောင့် ရေကြီးတာလို့ တချို့က ယုံကြည်ကြတယ်။

နတ်မကြီးဟာ နားတဖက်မရှိတာကြောင့် သံတွဲချောင်းထဲကို နားကပ်တဖက်နဲ့ ရေဆင်းချိုးတာဟာ သူ့ကိုလှောင် ပြောင်တာလို့ မှတ်ယူတဲ့အတွက် အဲဒီသူတွေကို ရေနှစ်သတ်တာမျိုးလုပ်တတ်တယ်ဆိုတဲ့ ပါးစပ်ရာဇဝင်တွေရှိ တယ်။ 

သံဒီကျောက်ကြီးရဲ့ မလှမ်းမကမ်းမှာတော့ သံဒီရွာလေးကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီရွာရဲ့အထက်ဘက် မှာတော့ ရွာရှည်ဆိုတဲ့ ရွာကြီတရွာရှိတယ်။ မြို့နဲ့ဝေးရာမှာ ရှိနေတဲ့ ရွာကြီးပါ။ အဲဒီရွာကို သံတွဲမြို့ကနေ သံတွဲချောင်းတလျှောက် ရေလမ်းလည်းပေါက်သလို သံတွဲမြို့နဲ့ ၉ မိုင်အကွာမှာရှိတဲ့ မဲနယ်ကွင်းရွာကနေလည်း ကျောက်ခင်းကားလမ်းပေါက်ပါတယ်။  

ရွာရှည်အထက်ဘက် သံတွဲချောင်းတလျှောက် ဆက်တက်သွားရင် ချောင်းရေဟာ ရေဆင်းပြတ်နေတာမျိုးတွေ့ရ တယ်။ ကျောက်အိုင်တွေရှိတယ်။ လက်သီးဆုပ်အရွယ်၊ လက်ဝါးအရွယ်၊ ဘောလုံးအရွယ် ကျောက်လုံး၊ ကျောက်ပြားတွေကြားကနေ ချောင်းရေဟာ တသွင်သွင်စီးဆင်းနေတယ်။

၂၀၀၄ ခုနှစ် သံတွဲချောင်းရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ ငှက်တော်ရွာပျက်နေရာကိုလည်း တွေ့ရမယ်။ အဲဒီနေရာအထက်ဘက်ဟာ နွေရာသီမှာ စက်လှေသွားလာဖို့ခက်ခဲတဲ့နေရာပါ။ ရခိုင်ရိုးမကြီးအခြေကို ရောက်နေပြီလို့ ဆိုရမှာပါ။ အဲဒီနေရာရောက်ရင် သစ်ပင်တွေခုတ်လှဲနေတဲ့ လွှစက်သံတွေကိုလည်း မကြာခဏ ကြားရနိုင်ပါတယ်။ အဲဒီရဲ့အထက်ဘက်မှာတော့ ရွာဆိုတာမျိုးထက် တောင်ယာစောင့်တဲတွေလောက် သာရှိပါ တော့တယ်။

သံတွဲချောင်းဖျားတလျှောက်ကို အဲဒီလို လေ့လာကြည့်ရှုခံစားနိုင်သလို ချောင်းဘေး သီးနှံတွေစိုက်ပျိုးထားတဲ့ ကိုင်းခုံတွေက ယာတဲတွေဆီကိုလည်း အလည်အပတ်သွားနိုင်ပါသေးတယ်။

သီးနှံစိုက်ခင်းတွေရှိရာ ကိုင်းခုံတွေဆီ အလည်အပတ်သွားမယ်ဆိုရင်တော့ ဒေသခံအများစုဟာ ခွေးတောက်ခုံ ကျေးရွာရဲ့ တဖက်ကမ်းက ကျယ်ဝန်းလှတဲ့ သီးနှံစိုက်ခင်း ကိုင်းခုံဆီကို အလည်အပတ်သွားလေ့ရှိပါတယ်။ သံတွဲမြို့ကနေ ချောင်းတလျှောက် စက်လှေနဲ့ ဆန်တက်ပြီးဖြစ်စေ၊ ကုန်းလမ်းကနေ ဆိုင်ကယ်နဲ့ဖြစ်စေ ခွေးတောက်ခုံကျေးရွာအနီး ကိုင်းခုံပေါ်က ယာတဲတွေဆီကို အလည်အပတ်သွားလို့ ရပါတယ်။

အဲဒီယာတဲတွေဆီမှာ ချက်ပြုတ်စားသောက်တာ၊ စိုက်ခင်းတွေကြား ဓာတ်ပုံရိုက်တာ၊ ချောင်းအတွင်း ရေချိုးတာ တွေ လုပ်နိုင်တယ်။ ဒေသခံတောင်သူတွေနဲ့လည်း စကားတွေ ဖောင်ဖွဲ့နိုင်တယ်။ တရေးတမောအိပ်ပြီး အနားယူ ပြီးလို့ နေအေးရင်တော့ သံတွဲမြို့ကို ပြန်လာလို့ရပါတယ်။ အပြန်ခရီးမှာတော့ သီးနှံစိုက်ခင်းတွေဆီကနေ လတ်ဆတ်တဲ့ နှစ်သက်ရာသီးနှံတွေကို စိတ်ကြိုက်ဝယ်ယူပြီး ပြန်လာလို့ရပါတယ်။

သံတွဲချောင်းဖျားနဲ့ ရခိုင်ရိုးမရဲ့အလှကို မနက်ခင်း၊ ညနေခင်းနဲ့ ညခင်းသဘာဝတရားတွေကို အပြည့်အဝခံစား ကြည့်ချင်တယ်ဆိုရင်တော့ သံတွဲချောင်းဖျားဘက်တက်ပြီး ညအိပ်ကြည့်နိုင်ပါသေးတယ်။ တောင်တန်းတွေ ကြား နေထွက်၊ နေဝင်အချိန်ကို ကြည့်ရှုခံစားရမယ်။ ညအချိန်အခါ မြို့ပြညတွေမှာ မရနိုင်တဲ့ တိတ်ဆိတ်မှုတွေ၊ ညဉ့်ငှက်တွေရဲ့အော်သံ၊ တောကောင်တွေရဲ့တွန်မြည်သံ စတာတွေကို စိတ်လှုပ်ရှားစရာ နားထောင်ရင်း အိပ်စက်ရပါလိမ့်မယ်။

ဒီလိုသံတွဲချောင်းဖျားရဲ့ သာယာလှပမှုတွေဟာ အခုအခါမှာတော့ သတိရစရာ အမှတ်တရအဖြစ်သာ ရှိနေနိုင် ပါတော့တယ်။ ဒါပေမဲ့ ရခိုင်ပြည်ကြီး ပြန်လည်စည်ပင်လာတဲ့တနေ့၊ ရခိုင်ပြည်သဘာဝ သယံဇာတအလှအပတွေကို ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲခွင့်ရတဲ့တနေ့၊ အဲဒီနေ့မှာ ရခိုင်ပြည်ရဲ့တောတောင်သဘာဝတွေဟာ ဒီထက်သာယာလှပနိုင်ပါစေ၊ ဒီထက် စည်ပင်ဖွံ့ဖြိုးပါစေ၊ ဒီအလှအပတွေရဲ့ အသီးအပွင့်တွေကို ရခိုင်တိုင်းရင်းသားတွေ ခံစားရပါစေလို့ ဆန္ဒပြုမိတယ်။

Related Articles

One Comment

  1. I would like to thnkx for the efforts you’ve put in writing this site. I’m hoping the same high-grade site post from you in the upcoming also. In fact your creative writing skills has inspired me to get my own site now. Actually the blogging is spreading its wings fast. Your write up is a great example of it.

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button